တစ်နေ့က စာရေးသူသည် ရန်ကုန်မြို့တွင်းမှ လှိုင်သာယာသို့ပြန်ရာ ဘုရင့်နောင်ခုံးကျော်တံတားအလွန်၌ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရသည်။ ဘုရင့်နောင်ခုံးကျော်တံတားကို ဖြတ်ကျော်သွားလာ မောင်းနှင်နေသော ကားကြီးကားငယ်တို့ကား အလွန်တရာများပြားလှပေသည်။ ညနေချိန်ဖြစ်၍လည်း ကားများပြွတ်သိပ်ကျပ်ညပ်များပြားသည်မှာ နေ့အချိန်ထက်ပိုမို၍ ယာဉ်သွားယာဉ်လာ ထူထပ်များပြားနေခြင်းဖြစ်သည်။
ဘုရင့်နောင်ခုံးကျော်တံတားမှ တဖြည်းဖြည်းချင်းကားများဆင်းလာသကဲ့သို့ တံတားအောက်မှ မောင်းနှင်လာသော ကားများလည်းမနည်းလှပေ။ တံတားအဆင်း၌ ဝဲလမ်းယာလမ်းတွင်သွားနေသည့် ကားကြီးကားငယ် အသွယ်သွယ်တို့ကြား၌ ပြေးလိုက်လွှားလိုက်၊ ဆော့ကစားလိုက်၊ ထိုင်နေလိုက်၊ ယာဉ်ပေါ်ပါခရီးသည်များထံမှ ပိုက်ဆံတောင်းလိုက်ဖြစ်နေသော
ကလေးငယ်တို့ မြင်ကွင်းမှာ စိတ်မချမ်းမြေ့ဖွယ် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။ အန္တရာယ်လွန်စွာကြီးပါဘိ။
ကလေးမိဘများ၊ အုပ်ထိန်းသူများ မရှိကြလို့လား။ ဒီကလေးတွေ ဘာ့ကြောင့် ဒီနေရာမှာ ဒီလိုအခြေအနေမျိုး အပြုအမူမျိုးတွေဖြစ်နေကြပါလိမ့်။ စိုးရိမ်စိတ်က ဆက်ဖြစ်ပေါ်လာသည်။ ထိုစဉ် ကားပေါ်၌ ပါလာသူအမျိုးသမီးကြီးတစ်ဦးက ''မိဘတွေကိုယ်တိုင်က အဲဒီမှာ ပိုက်ဆံတောင်းဖို့ လွှတ်ထားတာလေ။ နှစ်ခါသုံးခါ ရှိနေပြီ တွေ့ရတာ''ဟု ဆိုပါသည်။ ထိုအခါကျမှ ပြုရက် လိုက်ကြတာ မိဘတို့ရယ်၊ယာဉ်အန္တရာယ်စိုးရိမ်ရတာက တစ်မျိုး၊ အများအမြင် မတင့်တယ်တာက တစ်ဖုံ၊ ကလေး ငယ်တို့ဘဝကို ရိုက်ချိုးပျက်စီးနေတာက တစ်လီနဲ့ မလျော်ကန်သော ပြုမူချက်တွေ၊ စိတ်ကူးတွေ၊ အတွေးတွေနဲ့ ဒီလိုအခြေအနေမျိုးဖန်တီးထားတဲ့ မိဘများကို စိတ်ထဲမှ အပြစ်တင်မိသည်။
စာရေးသူ တစ်မြန်နှစ်က ပုဂံမှပုပ္ပါး ဗျတ္တပန်းဆက်လမ်းပေါ်၌ တွေ့ခဲ့ရသော ကလေးတစ်သိုက်ကို ပြန်၍သတိရမိပြန်သည်။ ကားလမ်းပေါ်လာသမျှ ကားများ ရှေ့နောက်ဝဲယာ၊ ကြောက်ရွံ့ခြင်းကင်းစွာနှင့် ပိုက်ဆံလိုက် လံတောင်းနေသော ကလေးများ ကားပေါ်မှ ခရီးသွားများကလည်း ငွေတစ်ရာ၊ နှစ်ရာငွေစက္ကူများကို ပေးကြကျဲချကြသည်။ တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန် ငွေစက္ကူများက လေမှာ တလူလူဝဲလို့။ ကလေးတစ်သိုက်က ပြေးလိုက်လွှားလိုက်၊ ဝိုင်းအုံလုယူလိုက်ကောက်ယူလိုက်ကြနှင့် ယာဉ်အန္တရာယ်ကတစ်မျိုး၊ ပြေးလွှားလုယက် အချင်းချင်းတိုးဝှေ့စကားများ ရန်ဖြစ်ကြတာက တစ်မျိုးနှင့် တွေ့မြင်ခဲ့ရသည်။
ထို့အတူပင် ရန်ကုန်မှမန္တလေး၊ မန္တလေးမှ မြစ်ကြီးနား ခရီးသွားရထားလမ်းတစ်လျှောက်တွင်လည်း အချို့မြို့ရွာ ဘူတာများအနီးအနား၌ လမ်းဘေးဝဲ၊ ယာတွင်ရေသန့်ဘူးခွံတောင်း၊ ပိုက်ဆံတောင်း၊ မုန့်ပဲသွားရေစာ တောင်းနေကြသော ကလေးများကိုလည်း တွေ့ရမြင်ရပြန်ပါသည်။ မိဘပြည်သူများကလည်း စာရေးသူကဲ့သို့ပင် ကြုံဖူးမြင်ဖူးကြပါလိမ့်မည်။
မိဘများသည် ပစ်ပစ်ခါခါထားနိုင်လွန်းကြသည်။ ဥပက္ခာပြုနိုင်လွန်းကြသည်။ မိမိတို့ရင်သွေးငယ်များဘဝကို တောင်းရမ်းစားသောက်ခိုင်းခြင်းဖြင့် ရင်သွေးငယ်တို့၏ လူသားဘဝရှင်သန်ဖွံ့ဖြိုးမှုကို မရိုက်ချိုးမဖျက်ဆီးကြပါနှင့်။ မြန်မာ့လူ့အဖွဲ့အစည်းမြန်မာ့လူ့ဘောင် အသိုက်အဝန်းကို မည်းနက်အကျည်းတန်စေသော အပြုအမူမျိုးဖြစ်အောင် မဖန်တီးကြပါနှင့်၊ နေရာအနှံ့ ပြည်တွင်းပြည်ပခရီးသွားတို့ဝင်၊ ထွက်သွားလာနေကြပါသည်။ ဗီဒီယို၊ ကင်မရာမှတ်တမ်းများဖြင့် မိမိတို့နိုင်ငံမှ ကလေးငယ်များ၏ မလျော်ကန်သော မြင်ကွင်းများကို ကမ္ဘာအနှံ့ဖြန့်ကြက်ပျံ့နှံ့အောင် မရှိစေချင်။ မဖြစ်စေချင်ပါ။
ရင်သွေးငယ်တို့သည် ကျောင်းနေအရွယ်ကလေးများဖြစ်၍ စာသင်ခန်းတွင်းသို့ ရောက်စေချင်သည်။ မူကြို ပညာရေး၊ မူလတန်းပညာရေး၊ အလယ်တန်းပညာရေး တို့သည်ပင် အခမဲ့ပညာရေးဖြစ်ပါသည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးရှင်သန်ရန်မှာ မျိုးဆက်သစ်ရတနာများ ရင်သွေးရတနာများကို အုပ်ထိန်းသူ၊ ကြီးကြပ်သူ၊ တာဝန်ယူသူ လူကြီးမိဘများ၏ ကြီးမားသောမဟာတာဝန် ဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်များ မပျက်သုဉ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ မိဘများ၊ လူကြီးသူမများ၊ တာဝန်ရှိသူများ ပြုပြင်သင့်သည်များကိုပြုပြင်၊ ထိန်းကျောင်းသင့်သည်ကိုထိန်းကျောင်း၊ တည့်မတ်သင့်သည်ကို တည့်မတ်ပေးခြင်းဖြင့် ရင်သွေးငယ်တို့ကို ဂရုစိုက်ကြပါစို့ဟု ဆန္ဒပြု ရေးသားအပ်ပါသည်။ ။
မြတ်ဝေတိုး(ပညာရေး-တက္ကသိုလ်)
Thursday, August 28, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment