အစ္စလာမ်မစ် နိုင်ငံတော် တပ်ဖွဲ့များအဖြစ် အမည်ပြောင်းလဲ ကြေညာထားသည့် ISIS တို့၏ ဘေးရန်ကြောင့် အီရတ်နိုင်ငံသား အများအပြားသည် ဆင်ဂျာတောင်ကြား ဒေသတွင် ပြောင်းရွှေ့ ပုန်းခိုနေရသည်။ အမေရိကန်သည် ISIS တို့၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို တောင်ကြားဒေသတွင် ပုန်းခိုနေသူများအား စားနပ်ရိက္ခာနှင့် သောက်ရေတို့ကို လေထီးများဖြင့် ချပေးခဲ့သည်။
ပင်တဂွန် စစ်ဦးစီးဌာနက အမေရိကန်၏ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တစ်ခုကို တောင်ကြားဒေသသို့ စေလွှတ်ပြီး စုံစမ်းစေခဲ့ကြောင်း၊ ပိတ်မိနေသူ အရေအတွက်သည် မူလခန့်မှန်းသည်ထက် များစွာ နည်းပါးသလို ယခင်စိုးရိမ်ထားသည်ထက် အခြေအနေ ပိုကောင်းကြောင်း ကြေညာခဲ့သည်။
အီရတ်မြောက်ပိုင်း မြို့များကို ISIS တို့က သိမ်းပိုက်ပြီး အနိုင်အထက် ပြုကျင့်နေမှုများကြောင့် အဆိုပါ ဒေသများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။ အရပ်သားများ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုကို အီရတ်စစ်တပ်က အကူအညီ ပေးနိုင်ရေးအတွက် အမေရိကန်က အီရတ်သို့ စစ်ဘက်အကြံပေး အရာရှိ ရာနှင့်ချီ စေလွှတ်ပေးခဲ့သည်။ ဆင်ဂျာတောင်ကြား ဒေသတွင် ပိတ်မိနေသူများအနက် ကာဒစ်ရှ် ဘာသာစကား ပြောဆိုသည့် ယာဇီဒီ တိုင်းရင်းသားများလည်း အပါအဝင် ဖြစ်သည်။
ပင်တဂွန်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် “တောင်ကြားဒေသမှာ ရှိနေတဲ့ ယာဇီဒီတွေရဲ့ အခြေအနေက မူလ မှန်းဆထားတာထက် ပိုကောင်းပါတယ်။ အမေရိကန်စစ်တပ်က သောက်ရေနဲ့ ရိက္ခာတွေကို အရင်လိုပဲ ထောက်ပံ့ ပေးအပ်နေဦးမှာပါ။ လက်ရှိ အခြေအနေတွေအရ ယာဇီဒီတွေကို ရွှေ့ပြောင်းပေးမယ့် Mission မျိုးကတော့ ဖြစ်နိုင်ခြေ မရှိသေးပါဘူး”ဟု ဖော်ပြပါရှိသည်။
ကုလသမဂ္ဂသည် ဩဂုတ်(၁၃)ရက်က အီရတ်အရေးနှင့် ပတ်သက်ပြီး တတိယအဆင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။ ယင်းသည် လူသားချင်း စာနာမှုနှင့် ဆက်စပ်သည့် အရှုပ်အထွေးများတွင် အမြင့်ဆုံး သတ်မှတ်ချက်လည်း ဖြစ်သည်။ လတ်တလောတွင် ISIS တို့ကို တိုက်ခိုက်ရန်အတွက် အီရတ်မှ ကာ့ဒ်မျိုးနွယ်စုများကို လက်နက် တပ်ဆင်ပေးမည်ဟု ပြင်သစ်အစိုးရက ကတိပြုထားသည်။ ကာ့ဒ်တို့သည် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများကို အမေရိကန်နှင့်အတူ ပူးပေါင်း တိုက်ခိုက်လျက် ရှိသည်။
_Ref: BBC
0 comments:
Post a Comment