
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသားအေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့နယ် ခတက္ကန်တောင်ရွာ၊ မဟာဗောဓိ တစ်ထောင်ကျောင်းတိုက်ရှိ လေးကျွန်းစင်္ကြာရပ်တော်မူ မြတ်စွာ ဘုရားကြီးအား ဖူးမျှော်ကြည်ညိုသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် မြေညီ ထပ်ရှိ အရှေ့ဘက်မုဒ်ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပူဇော်၍ အလှူငွေများပေး အပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။ ယင်းနောက် မြေညီထပ်အတွင်းရှိ ရုပ်ပွားတော်များအား လက်ယာရစ်လှည့်လည်ပူဇော်ကာ ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့ဝင်များသည် လေးကျွန်းစင်္ကြာ ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်း ၂၈ ထပ်သို့ တက်ရောက်၍ ကြည်ညိုပူဇော်ခဲ့ပြီးနောက် ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းမှ ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ကြ သည်။ ဆက်လက်၍ ဗုဒ္ဓရွှေကျောင်းတော်သို့ရောက်ရှိပြီး ဘဒ္ဒန္တသောဘိတအမှူးပြုသော မဟာဗောဓိတထောင် နာယကဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တည်ထားကိုးကွယ်မည့် ထိုင်တော်မူဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအတွက် အလှူတော်ငွေနှင့် ဗုဒ္ဓရွှေကျောင်းတော် ဝေယျာဝစ္စအတွက် အလှူငွေများ လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လက်ခံရယူခဲ့သည်။
ထို့နောက် တည်ထားကိုးကွယ်မည့် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မည့်လုပ်ငန်းအစီ အမံအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မေးမြန်း အကြံပြုဆွေးနွေးခဲ့သည်။
လေးကျွန်းစင်္ကြာရပ်တော်မူမြတ်စွာဘုရားကြီးသည် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပထမ မဟာဗောဓိတထောင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနာရဒ ဆရာတော်တည်ထားပူဇော်ခဲ့ပြီး ဥာဏ်တော် ၄၂၄ ပေမြင့်သည့် ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားကြီးဖြစ်သည်။ ရပ်တော်မူဘုရားကြီးတွင် အထပ်ပေါင်း ၃၃ ထပ်ဖြင့် တည်ဆောက်ထားရှိပြီး အောက်ဆုံးထပ်တွင် ဆရာတော်ဘုရားကြီးကြီး၏ ပုံတော်ကို ပတ္တမြားရတနာတို့ဖြင့် စီခြယ်ထားသည်။ ရပ်တော်မူဘုရားကြီးတွင် ၃၁ ဘုံကို အစဉ်အတိုင်းထားရှိတော်မူပြီး အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ဘုံနှစ်ဆယ်တို့ကို ပန်းချီဆေးရေးတို့ဖြင့် ခြယ်မှုန်းပူဇော်ထားကြောင်း သိရှိရသည်။
နေပြည်တော် အောက်တိုဘာ ၂၂
0 comments:
Post a Comment