Wednesday, August 13, 2014

မာရ်စစ်သည် ၁၀-ပါး

၁။ ဟယ် မာရ်နတ် .... အိမ်ရာတည်ထောင် လူ့ဘောင်နေသူ ထိုထိုလူတို့ကို သက်ရှိသက်မဲ့ ဝတ္ထုအာရုံ ကာမဂုဏ်ဟူသော=ဝတ္ထုကာမ၊ ထိုဝတ္ထုကာမ၌ တွယ်တာတပ်မက်သော တဏှာလောဘ တည်းဟူသော=ကိလေသကာမ ဤကာမတရားနှစ်ပါးတို့က တရားစစ် တရားမှန်ကို မသိနိုင်အောင် တွေဝေ မိန်းမောစေကြသည်။ ထို့ကြောင့် ထိုဝတ္ထုကာမ ကိလေသကာမတရား နှစ်ပါးတို့သည် သင် မာရ်နတ်၏ ပထမတပ်မတော်ကြီးများ ဖြစ်ကြပေ၏။
 ၂။ ဂိဟိဘောဂ အဝဝကို လှလှကြီးစွန့်ခွာ ရဟန်းအဖြစ်သို့ ရောက်ပြန်ပါသော်လည်း အချို့သောရဟန်းတို့မှာ ရဟန်းအဖြစ်၌ မမွေ့လျော်ခြင်း၊ ပရိယတ်မှု ပဋိပတ်မှု တို့၌ မမွေ့လျော်ခြင်း၊ ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်း တို့၌ မမွေ့လျော်ခြင်း၊ သမထ ဝိပဿနာ ဘာဝနာမှု တို့၌ မမွေ့လျော်ခြင်း ဟူသော အရတိတရား ဥက္ကဏ္ဌိတတရားတို့ ဝင်ရောက်နှောင့်ယှက် ဖျက်စီးသည်ကို ခံရတက်၏။ သို့ဖြစ်ရကား ထိုဆိုအပ်ပြီးသည့် အရတိတရား ဥက္ကဏ္ဌိတတရားများသည် သင် မာရ်နတ်၏ ဒုတိယ တပ်မတော်ကြီးများ ဖြစ်ကြပေ၏။

၃။ ထို ဒုတိယတပ်မတော်ကြီးကို ကျော်နင်းနိုင်ပြန်ပါသော်လည်း အချို့သောရဟန်းတို့မှာ ဓုတင်ပဋိပတ် လွန်ကျဉ်းကျပ်၍ နွားငတ်ရေချ မစားရဘဲ မိဿကဘတ် ရတက်ရာရာ မျှတသောအခါ၌ ဆာလောင်နွမ်းချည့် ဖြစ်တုံဘိသော် ဆားထိသောတီရူး ထွန့်ထွန့်လူး သကဲ့သို့ အထူးစိတ်စက် အကုန်ပျက်၍ ဝိတက်ဗလပူ ရမ္မက်ထူခြင်း တည်းဟူသော=ခုပ္ပိပါသတရား ဖြစ်ပွားတက်ပြန်၏။ ထိုခုပ္ပိပါသတရားသည် သင် မာရ်နတ်၏ တတိယတပ်မတော်ကြီး ဖြစ်ပေ၏။

၎။ ထိုသို့ ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်လာသောအခါ အချို့သောရဟန်း တို့မှာ စိတ်အား ကိုယ်အား နှစ်ပါးအင်ယုတ် အကြံဆုတ်လျက် အားထုတ်လက်ရင်း ရဟန်းတရား တည်းဟူသော အမှုခင်းတို့၌ မချဉ်းလိုချင် ပျင်းစိတ်ဝင်၍ မရွှင်မလန်း စိတ်ကုန်ခန်းခြင်း တည်းဟူသော=တန္ဒီတရား ဖြစ်ပွားလာတက်၏။ ထိုတန္ဒီတရားသည် သင် မာရ်နတ်၏ စတုတ္ထတပ်မတော်ကြီး ဖြစ်ပေ၏။

၅။ အလုပ်မတွင် အပျင်းဝင်၍ မရွှင်ညှိုးနွမ်း စိတ်ကုန်ခန်းသော် တသမ်းသမ်းတဝေဝေ မှိုင်တွေငေးမေ့ ဖြစ်သည့်နေ့မှစ၍ လည်းကောင်း သင်္ခမ်းကျောင်းဝယ် ဘယ်ပြောင်းညာပြန် မှောက်လှန်လူးလဲ တနွှဲနွှဲအိပ်၍ နေခြင်းတည်းဟူသော=ထိနမိဒ္ဓတရား ဖြစ်ပွားလာတက်၏။ ထိုထိနမိဒ္ဓတရားသည် သင် မာရ်နတ်၏ ပဉ္စမတပ်မတော်ကြီး ဖြစ်ပေ၏။

( ဆက်ရန် )

No comments:

Post a Comment