Saturday, August 23, 2014

သွင်းနေကျ ၃ ဂိုး ထက် ၁ ဂိုးပိုသွင်းပြီး မြန်မာအသင်း ဗိုလ်စွဲပြီ

ဘရူနိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဘရူနိုင်းဘုရင့်ဖလား အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လု ပွဲတွင် မြန်မာယူ ၁၉ အသင်းသည် ဗီယက်နမ် ယူ၂၁ အသင်းကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘရူနိုင်း ဘုရင့်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ဗိုလ်လုပွဲ ဖြစ်သည်နှင့် အညီ နှစ်သင်းလုံး ကြိုးစား ကစားခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း အတွက် အနိုင်ဂိုးများကို မျိုးကိုထွန်းက၁၇မိနစ်နှင့် ၅၉မိနစ်၊မောင်မောင်စိုး က မိနစ် ၆ဝ၊အောင်သူက ၈၁မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။

မြန်မာ ယူ ၁၉အသင်းသည် ဒေသတွင်း မဟာပြိုင်ဘက် ထိုင်းအသင်း၊ အာဆီယံဒေသတွင်း၌ အစွယ်ချွန်လာသည့် လာအိုအသင်း ၊မွေးစားသားများကြောင့် ဖီဖာထုတ်ပြန်ချက်တွင် အာဆီယံဒေသ၏ အဆင့်တစ် နေရာယူထားနိုင် သည့် ဖိလစ်ပိုင်အသင်းနှင့် အရှေ့တောင်အာရှ၏ အင်အားအနည်းဆုံး အရှေ့တီမောအသင်းတို့ကို တစ်ပွဲလျင် သုံးဂိုးနှုန်း သွင်းယူခဲ့ပြီး အုပ်စုပွဲစဉ်အားလုံး အနိုင်ရခဲ့သလို အကြိုဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက် မလေးရှား အ သင်းကို ခြေအသာ ကစားပြီး သုံးဂိုးပြတ်ဖြင့် အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ် သည်။

မြန်မာအသင်းသည် ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ တစ်လျောက် ၂ဝဝ၅ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ် တို့တွင် ဗိုလ်လုပွဲထိ တက် ရောက်နိုင်ခဲ့သော်လည်း နှစ်ကြိမ်းလုံး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၂ ခုနှစ် တွင်မူ တတိယ ဆုသာရယူပေးနိုင်ခဲ့မှုကို မြန်မာယူ၁၉ အသင်းက ချေဖျက်နိုင်ခဲ့သည်။

ချန်ပီယံ ဖြစ်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ သွားရောက်ကာ ထိုင်းယူ ၂၃ အသင်းနှင့် ဩဂုတ် ၃ဝ ရက်နေ့တွင် ခြေစမ်းကစားမည်ဖြစ်ပြီး စက်တင်ဘာလတွင်လည်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံ ချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာတွင် ကျင်းပမည့် အာရှချန်ပီယံ ရှစ် ယူ ၁၉ပြိုင်ပွဲတို့ကို ဆက်တိုက်ယှဉ်ပြိုင် ရဦးမည်ဖြစ်သည်။

ပြိုင်ပွဲတစ်လျောက် မြန်မာအသင်းအတွက်ဂိုးများကို မောင်မောင်စိုးနှင့်အောင်သူ၊မျိုးကိုထွန်းတို့က လေးဂိုးစီ သွင်းယူပေးခဲ့ပြီး ၊သန်းပိုင်နှင့်ငြိမ်းချမ်းအောင်တို့က၂ ဂိုးစီ၊နန္ဒကျော်၊စွမ်းထက်အောင်၊ရန်နိုင်ဦးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြ သည်။

The Voice Weekly

No comments:

Post a Comment