Thursday, August 28, 2014

အမ်မီ ဆုပေးပွဲတွင် ငါးနှစ်ဆက်တိုက် ဆုရခဲ့သည့် Modern Family ဇာတ်ကား

အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲများကို နှစ်စဉ်ရွေးချယ်ချီးမြှင့်လျက်ရှိသည့် အမ်မီဆုပေးပွဲ၏ (၆၆)ကြိမ်မြောက် အမ်မီဆုပေးပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက်ညပိုင်းက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ နိုကီရာပြဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အေဘီစီရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည့် Modern Family ဇာတ်လမ်းတွဲက အအောင်မြင်ဆုံး ဟာသဇာတ်လမ်းတွဲဆုကို ငါးနှစ်ဆက်တိုက်အဖြစ် ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ (၆၆)ကြိမ်မြောက် အမ်မီဆုပေးပွဲအခမ်းအနားတွင် ရုပ်သံဇာတ်လမ်းတွဲများမှ မင်းသား၊ မင်း သမီး၊ ထုတ်လုပ်သူ၊ ကျွမ်းကျင်ပညာရှင်နှင့် ထူးချွန်သူများကို ရွှေစင်ရုပ်တု ၂၅ ဆု ချီးမြှင့်အပ်နှင်းနိုင်ခဲ့ပြီး သရုပ်ဆောင် Ty Burrell က ယင်းဇာတ်ကားဖြင့် ၂ဝ၁၁ ခုနှစ်ကတစ်ကြိမ်၊ အကောင်းဆုံး ဟာသဇာတ်ပို့ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိဆွတ်ခူးနိုင်ခဲ့သည်။

ယင်းဆုသည် ၂ဝ၁၃ ခုနှစ် ဇွန် ၁ ရက်မှ ၂ဝ၁၄ ခုနှစ် မေ ၃၁ ရက်အထိ အမေရိကန်ရုပ်သံလိုင်းများတွင် ပြသခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများမှ အကောင်းဆုံးဇာတ်လမ်းတွဲများ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများကို ရုပ်သံအကယ်ဒမီမှ ရွေးချယ်ချီးမြှင့်သည့်ဆုအမျိုးအစားတစ်ခုလည်းဖြစ်ကာ ယင်းအစီအစဉ်ကို အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်သည့် အင်န်ဘီစီ ရုပ်သံလိုင်းမှ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅ဝ ကျော်သို့ ထုတ်လွှင့်ပြသနိုင်ခဲ့ကြောင်း သိရသည်။

မျိုးစန္ဒာမောင်-စုစည်းသည်

No comments:

Post a Comment