အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသော Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့ဝင် ငါးဦးကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်ဟုဆို၍ ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်လိုက်သည်။
MCDF အဖွဲ့မှ ထုတ်ပြန်သော ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း ကြေညာချက်ကို သတင်းဖော်ပြမှုမှာ ဆန္ဒပြပွဲထက် တစ်ရက်စောခြင်းနှင့် ဂျာနယ်မျက်နှာဖုံးတွင် ယင်းသတင်းကို ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် ယှဉ်တွဲအသုံးပြုခဲ့ခြင်းကြောင့် လက်ရှိအစိုးရအပေါ် အကြည်ညိုပျက်စေမှု ပြစ်မှုထင်ရှားကြောင်း တရားသူကြီးက စီရင်ချက်တွင် ထည့်သွင်းဖတ်ကြားသည်ဟု ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။
၂၀၁၄ မတ်လတွင် သတင်းမီဒီယာဥပဒေပြဌာန်းပြီးနောက် ယူနတီဂျာနယ်သတင်းထောက်များ ထောင်ဆယ်နှစ်ချမှတ်ခံရအပြီးတွင် Bi မွန်းတည့်နေဂျာနယ်အဖွဲ့ ထောင်ဒဏ်ချမှတ်ခံရခြင်း ဒုတိယအကြိမ် ဖြစ်သည်။
‘‘လျှောက်လဲချက်မှာ သတင်းမီဒီယာဥပဒေအရ စီရင်ပေးဖို့ ရေးသားခဲ့ပေမယ့် တရားသူကြီးကတော့ စွဲချက်ဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ)ကိုပဲ အဓိကထားပြီး အမိန့်ချသွားပါတယ်။ ဒီအမိန့်ကို အဆင့်ဆင့်အယူခံတက်မှာပါ။ ၅၀၅ (ခ)က အများဆုံး ထောင်နှစ်နှစ်ထိ ချနိုင်တဲ့ ပြစ်ဒဏ်ကို အခု နှစ်နှစ်ချလိုက်တာ အမြင့်ဆုံးပြစ်ဒဏ်လည်း ဖြစ်ပါတယ်’’ဟု Bi မွန်းတည့်နေဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၆ ရက်တွင် ယင်းသို့ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်များလွန်းကြောင်းနှင့် ပြင်ပရှိ သတင်းမီဒီယာများမှ အမှန်တရားကို ဆက်လက်ဖော်ထုတ်ပေးပါရန် သတင်းထောက် မင်းဝဿန်က ရုံးချိန်းအပြီးတွင် ပြောကြားသည်။
7 Day Daily
No comments:
Post a Comment