ကိုပါကြီး(ဓာတ်ပုံ- Ye Moe ဖေ့စ်ဘွခ်)
သွေးထိုးလှုံ့ဆော်သူအချို့![]()
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံးနေတဲ့ ကိစ္စကို သူ့ဇနီး မသန္တာနဲ့ သူငယ်ချင်းအချို့ ရဲ့ Facebook ပေါ်က Share ပေးတဲ့ သတင်းတွေကြောင့် လူသိများခဲ့ရပါတယ်။ ကျနော်လည်း Facebook ပေါ်က တဆင့်သိရတာပါပဲ။ ခု သေဆုံးသွားပြီ ဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ် ။ ဒါ့အပြင် ကိုပါကြီး သေဆုံးတာနဲ့ ပတ်သက်ပြီး ဆူပူမှုတွေ လုပ်ဖို့ မီဒီယာနဲ့ တပ်မတော်အကြား၊ ပြည်သူနဲ့ တပ်မတော်အကြား ရန်တိုက်ပေးဖို့ ကြိုးစားလှုံ့ဆော်လာကြတာတွေ လူမှုကွန်ယက် ပေါ်မှာ တွေ့ရတော့ အတော်ပဲ စိုးရိမ်မိပါတယ်။
တကယ်တော့ ကိုပါကြီးကို အလွတ်သတင်းထောက် တစ်ယောက်ရယ်လို့ ပဲ facebook ပေါ်က သတင်းတွေအရ သိထားကြတာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရမှ KKO ဗိုလ်စောဆန်းအောင်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ယောက် ဖြစ်နေတာကို သိခဲ့ရပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေ Facebook ပေါ်မှာ ပြောက်ကျားဝတ်စုံနဲ့ သေနတ်ကိုင်ရိုက်ထားတဲ့ ကိုပါကြီးရဲ့ ဓာတ်ပုံတွေကို မြင်လိုက်ရမှ ကိုပါကြီးတစ်ယောက် တကယ်ပဲ လက်နက်ကိုင် တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။
ကိုပါကြီး သေဆုံးသွားတာဟာ ကင်းစောင့်ရဲဘော်ကို လုံးထွေးသတ်ပုတ် သေနတ်လုယူဖို့ လုပ်ပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ရဲဘော်က သေနတ်နဲ့ ပစ်ခတ်ဖမ်းရာမှ ထိမှန်သေဆုံးခဲ့ရတယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုပါကြီးဟာ သတင်းထောက်သက်သက်သာ ဖြစ်ရင် တပ်မတော်အနေနဲ့ ဖမ်းဆီးကတည်းကိုက လုပ်ရပ်ကမှားယွင်းနေပါပြီ။ ဒါပေမဲ့ ကိုပါကြီးဟာ KKO ကဗိုလ်ကြီးတစ်ယောက်ဖြစ်တယ်။ DKBA ကထုတ်ပယ်ခံရတဲ့ စောဆန်းအောင်ရဲ့ တပည့်ဖြစ်တယ်။ ဒီ့အတွက် တပ်မတော်ကဖမ်းမိတဲ့ အခါ ကျိုက်မရောဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ဒါဟာ ရန်သူတစ်ယောက်ကို ဖမ်းမိရင် လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ကိုပါကြီးဟာ သတင်းထောက်မဟုတ်ဘဲ ဗိုလ်ကြီးအဆင့်ရှိ လက်နက်ကိုင်တစ်ယောက်ဖြစ်နေတဲ့ အခါ တပ်မတော်အနေနဲ့ စစ်ဆေးမေးမြန်းမှု ပြုတာတွေလုပ်ခဲ့တာဟာ မှားယွင်းမှုလို့ ဆိုလို့မရပါဘူး။
ေ နောက်တော့ ကိုပါကြီးက ထွက်ပြေးဖို့လုပ်တယ်။ ဒီလိုထွက်ပြေးတဲ့ နေရာမှာလည်းဘဲ
စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ကို တိုက်ခိုက်မှု ပြုလုပ်ပြီး သေနတ်ကိုလုယူဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုပါကြီး နေရာမှာ ဘယ်ရန်သူမဆို မိမိကို ဖမ်းထားရင် လွတ်အောင်ထွက်ပြေးမိကြမှာပဲ။ ဒီလိုပါဘဲ ဖမ်းမိထားတဲ့ ရန်သူက ထွက်ပြေးဖို့ကြိုးစားရာမှာ ကိုယ့်အသက်အန္တရာယ်ကိုပါ ထိခိုက်အောင်လုပ်လာမယ်ဆို ဘယ်ရဲဘော်မဆိုလည်း မိမိအသက်ကို ကာကွယ်တဲ့ အနေနဲ့ ပစ်မိမှာပဲ ဖြစ်ပါတယ်။
ရန်သူ မိတ်ဆွေ မသိတဲ့ စစ်မြေပြင်မှာ မပြောနဲ့ နောက်တန်းလိုနေရာမျိုးမှာတောင် ကိုယ့်တပ်က ရဲဘော်တစ်ယောက်ဟာ လက်နက်ယူပြီး ထွက်ပြေးမယ်ဆို ပစ်ခတ်ဖမ်းဆီးခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် မိမိအသက်ကို ရန်မူပြီး ထွက်ပြေးဖို့ ကြိုးစားလာတဲ့ ရန်သူတစ်ယောက်ကို ဒီတိုင်းထိုင်ကြည့်နေဖို့ ဆိုတာဖြစ်သင့် မဖြစ်သင့် စဉ်းစားကြည့်ဖို့ လိုပါတယ်။
ကိုပါကြီးကို အလွတ်သတင်းထောက် တစ်ယောက်လို့သာ သိခဲ့စဉ်က တပ်ရဲ့ ဖမ်းဆီးမှုအပေါ်အတော်ပဲ ဒေါသထွက်ခဲ့ပါတယ်။တပ်မတော်က ဖြစ်စဉ်ကို ထုတ်ပြန်လိုက်တဲ့ အခါမှာမှဖြစ်စဉ်အမှန်ကို သိခဲ့ရပါတယ်။ ခုလူတွေက ကိုပါကြီး သေဆုံးတာနဲ့ ပတ်သက်ပြီး
လူထုကို ဆူပူဖို့ အုံကြွဖို့ စကားတွေ Facebook ပေါ်ကတဆင့် လှုံ့ဆော်နေတာဟာ အင်မတန်ဘဲ အန္တရာယ်များလှပါတယ်။ တကယ်တမ်းဖြစ်သင့်တာက တပ်မတော်ရဲ့ ထုတ်ပြန်ချက်အတိုင်း ကိုပါကြီးဟာ တကယ်ပဲ လက်နက်ကိုင်လား၊ သေနတ်လုထွက်ပြေးဖို့ ကြိုးစားခဲ့တာလား၊ ဒါတွေကို သေသေချာချာ သိဖို့ လုပ်သင့်ပါတယ်။
မီဒီယာတွေအားကောင်းလာတဲ့ ခေတ်ကြီးမှာ တပ်မတော်အနေနဲ့လည်း အကြောင်းအရင်း မခိုင်လုံဘဲ လူတစ်ယောက်ကို ဖမ်းဆီးမှာ မဟုတ်သလို ထုတ်ပြန်ချက်တစ်ခုကို လည်း ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ခုတော့ ဖြစ်စဉ်ကို သေချာစုံစမ်းဖို့ မကြိုးစားဘဲ အလွတ်သတင်းထောက်ကို တပ်က နှိပ်စက်လို့ သေတယ်ဆိုပြီး မီဒီယာနဲ့ တပ်ကြား ရန်တိုက်မှုတွေ လုပ်ပေးနေတာဟာ တိုင်းပြည်ကို မငြိမ်မသက်အောင် လုပ်နေတာနဲ့ တူတူပါပဲ။
Facebook ပေါ်မှာ ကိုပါကြီးကိစ္စကို လှုံ့ဆော်နေတဲ့ လူတွေတော်တော်များများကို လေ့လာကြည့်တဲ့ အခါမှာ နိုင်ငံခြားမှာ နေသူတွေသာများနေတာကလည်း ထူးခြားမှုတစ်ခုဖြစ်နေပါတယ်။
ပျောက်ဆုံးနေခဲ့တဲ့ကိုပါကြီး သတင်းဟာ ၀မ်းနည်းစရာသတင်းနဲ့ အတူ ပြန်ပေါ်လာခဲ့ပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်ခဲ့ရတဲ့ ကျန်ရစ်သူ ဇနီးအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။
ဒါပေမဲ့လည်း စစ်မြေပြင်ဆိုတာ ရန်သူမိတ်ဆွေ မခွဲခြားနိုင်တဲ့ နေရာဖြစ်သလို၊ မှားတဲ့သူ အသက်ပေးရတဲ့ နေရာဖြစ်လို့စိတ်မကောင်း ဖြစ်ယုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ ကိုပါကြီးဖြစ်စဉ်မှာ လုပ်သင့်လုပ်ထိုက်တာတွေကို ကျန်ရစ်သူ ဇနီးက ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။ ဒီအပေါ် အမြတ်ထုတ်ပြီး တစ်ယောက်အပူကနေ အများအပူဖြစ်ရအောင် မလုပ်ကြပါနဲ့လို့ လှုံ့ဆော်သွေးထိုးနေသူတွေကို တိုက်တွန်းလိုက်ပါရစေ။
ဇော်နိုင်(မော်လမြိုင်)
New Myanmar News
No comments:
Post a Comment