Thursday, October 23, 2014

ရွေးကောက်ပွဲကို သီရိလင်္ကာအစိုးရ သတ်မှတ်ကာလထက် ကြိုတင်ကျင်းပဖွယ်ရှိ



သီရိလင်္ကာအစိုးရက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရမည့် ရွေးကောက်ပွဲအား အချိန်စောကာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကျင်းပရန် စီစဉ်ထားသည်ဟု ပြန်ကြားရေးဝန်ကြီး ကီဟီလီယာရမ်ဘက်ဝီလ်လာက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတမဟိန္ဒရာဇပက်ဆေအနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း တတိယသက်တမ်း အတွက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် အနိုင်ရပြီးနောက် သီရိလင်္ကာနိုင်ငံ၏ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက်သာ ထမ်းဆောင်နိုင်သည့် ဥပဒေကို ရာဇပက်ဆေ အစိုးရက ပျက်ဖျက်ခဲ့သည်။

"သမ္မတရွေးကောက်ပွဲကို ဇန်န၀ါရီလမှာ ကျင်းပသွား ဖို့ ရှိပါတယ်။ အခု လောလောဆယ်မှာတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မပြောနိုင်သေးပါဘူး" ဟု ရမ်ဘက်ခ်ဝီလာက ကန်ဒီခရိုင်တွင်ပြုလုပ်သော ပြည်သူ့ရေးရာအစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။

ရာဇပက်ဆေ၏ အာဏာရ ပြည်သူ့လွှတ်မြောက်ရေး မဟာမိတ်ပါတီသည် ပြီးခဲ့သည့်လက ကျင်းပသော ဒေသတွင်းရွေးကောက်ပွဲများတွင် မဲအရေအတွက် ၂၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျခဲ့ပြီးနောက် ၎င်း၏ပါတီကို လူကြိုက်များလာစေရန်ငွေကြေးကို သုံးစွဲရန် မျှော်မှန်းထားသည်။

၂၀၀၅ ခုနှစ်တွင် ရာဇပက်ဆေ အာဏာရရှိလာသည့်အချိန်မှစ၍ ယင်းရလဒ်သည် ပါတီအတွက် အဆိုးရွားဆုံးရလဒ်ဖြစ်ခဲ့ပြီး အဓိကပြိုင်ဘက် အမျိုးသားပြည်ထောင်စုပါတီသည် မဲရေအတွက် နှစ်ဆကျော်ရရှိခဲ့သည်။

၂၀၀၉ခုနှစ် မေလက တမီးလ်ခွဲထွက်ရေးသမားများ၏ ပုန်ကုန်ထကြွမှုများကို ဖြိုခွင်းခဲ့ပြီး ၃၇နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ခြင်း ကြောင့် ရာဇပက်ဆေ၏ပါတီသည် သီရိလင်္ကာနိုင်ငံ၏ လူများစုဖြစ်သော ဆင်ဟာလီလူမျိုးများကြားတွင် လူကြိုက်များခဲ့သည်။

သို့ရာတွင် ရာဇပက်ဆေ၏ အစိုးရတပ်များသည် တမီးလ်သူပုန်များအား တိုက်ခိုက်ခဲ့ရာတွင် အရပ်သား ၄၀၀၀၀ခန့်ကို သတ်ဖြတ်ခဲ့သည့် စွပ်စွဲချက်များကို ဖြေရှင်းရန် နိုင်ငံတကာမှ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။

  ရွေးကောက်ပွဲများကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားသော် လည်း ရာဇပက်ဆေအနေဖြင့် ရွေးကောက်ပွဲများကို အချိန်မရွေး ခေါ်ယူကျင်းပရန် လုပ်ပိုင်ခွင့်အာဏာရှိထားသည်။

  ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် မဲအနိုင်ရရှိရန်အတွက် မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော် လိုအပ်မည် ဖြစ်သည်။

ရာဇပက်ဆေသည် ယခု လေးနှစ် သမ္မတ သက်တမ်းကုန်ဆုံးမည့် နိုဝင်ဘာ ၁၉ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေငြာသွားဖွယ်ရှိကြောင်း အစိုးရ အသိုင်းအဝိုင်းက ပြောကြားသည်။



No comments:

Post a Comment