
ရန်ကုန်မြစ်ကြောင်း အတွင်း ပြည်တွင်း ကုန်တင်သင်္ဘာများ အပါအဝင် အခြားသော ပြည်တွင်း သင်္ဘောများ အနေဖြင့် ရေလယ်တွင် ကျောက်ချရပ်နားမှု မပြုလုပ်ရန် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ရန်ကုန်မြစ်ကြောင်း ဒလဘက်ကမ်းနှင့် ကမာကဆစ် ဘက်ရှိ ရေလယ်အမှတ် (၂) ဗော်ယာနှင့် အမှတ် (၆) ဗော်ယာအနီး AbleAnchorage တို့တွင် နိုင်ငံခြား ကုန်တင် သင်္ဘောကြီးများ လှည့်ကာ ကျောက်ချ ရပ်နားရန် နေရာဖြစ်သည့် အတွက် အဆိုပါ နေရာများ၌ ပြည်တွင်း ငါးဖမ်း ရေယာဉ်များ၊ တွဲဆွဲ ရေယာဉ်များနှင့် ကုန်တင် ရေယာဉ်များ ကျောက်ချ ရပ်နားခြင်း မပြုရန် တားမြစ်ထားပြီး ပြည်တွင်း ရေယာဉ်များ ကျောက်ချ ရပ်နားမည် ဆိုပါက ဒလဘက်ကမ်း သမ္မတ ကမ်းခြေအနီးရှိ CCA (Country Craft Anchorage) နေရာ၌သာ ကျောက်ချ ရပ်နားကြရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ ''အခုလို ထုတ်ပြန်ရတာက နိုင်ငံခြား ကုန်တင် သင်္ဘောတွေ ဦးလှည့်တဲ့ အခါမှာ ရေယာဉ်ချင်း တိုက်မိတာမျိုး မဖြစ်အောင်လို့ တားမြစ်ရတာပါ။
အခု ထုတ်ပြန်ထားတဲ့ တစ်လ အတွင်းမှာတော့ ပညာပေး ကာလအဖြစ်နဲ့ လုပ်ဆောင်နေပါတယ်။ တစ်နေ့ကို သုံးခေါက်လောက်တော့ လိုက်စစ်ဖြစ်တယ်။ နောက်ပိုင်းမှာ မလိုက်နာတဲ့ ရေယာဉ်တွေကို ထိရောက်တဲ့ အရေးယူမှုတွေနဲ့ လုပ်ဆောင်သွားမှာပါ'' ဟု ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြည်တွင်း သင်္ဘောများကို ထိုကဲ့သို့ သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း လက်ရှိကာလတွင် အရေးယူ ဆောင်ရွက်သွားမည် မဟုတ်ကြောင်း သိရသည်။
ထိုကဲ့သို့ အရေးယူမှု မရှိခြင်းမှာ ဒေသအလိုက် ရေကြောင်းမှ ကုန်ပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်သို့ လာရောက်သည့် သင်္ဘောများ အနေဖြင့် လက်ရှိအချိန်တွင် ထုတ်ပြန်ချက်ကို သိရှိနိုင်ခြင်း မရှိသေးသည့် အတွက် အရေးယူနိုင်သည့် အဆင့်သို့ မရောက်သေးကြောင်း သိရသည်။ ''လက်ရှိတော့ အရေးယူလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် နယ်ဘက်ကလာတဲ့ သင်္ဘောတွေ ကျတော့ လက်ရှိ ထုတ်ပြန်ချက်ကို မသိနိုင်သေးဘူး။ နောက်ပြီးတော့ သူတို့ကို ပညာပေးဖို့ အချိန်ကလည်း လိုအပ်နေသေးတယ်။
သင်္ဘောမောင်းတဲ့သူ တစ်ယောက်ကို အရေးယူမယ် ဆိုရင် သူတို့ရတဲ့ လစာနဲ့လောက်မှာ တောင်မဟုတ်ဘူး။ ဒါကြောင့်သူတို့ကို ပထမအကြိမ် သတိပေးမယ်။ ဒုတိယ အကြိမ်လည်း သတိပေးဦးမယ်။ တတိယအကြိမ် ဆိုရင်တော့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ'' ဟု
၎င်းက ဆက်လက်ပြောသည်။ ပြည်တွင်း သင်္ဘောများမှာ သေးငယ်သည့်အတွက် နိုင်ငံခြား ကုန်တင် သင်္ဘောများနှင့် တိုက်မိပါက နစ်မြုပ် သွားနိုင်သဖြင့် ပြည်တွင်း သင်္ဘောများ အန္တရာယ် မဖြစ်စေရေး အတွက် ကြိုတင် သတိပေး တားမြစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
မြဝတီ
0 comments:
Post a Comment