သြစတြေးလျအစိုးရဟာ အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) အဖွဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ရေးအတွက် အီရတ်စစ်တပ်ကို ပံ့ပိုးဖို့ သူရဲ့ အထူးတပ်တွေ စေလွှတ်ရေး အီရတ်အစိုးရနဲ့ သဘောတူညီခဲ့ပြီလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ပြောပါတယ်။အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ကို ၂ ရက်ကြာ အလည်အပတ်လာခဲ့တဲ့ ဝန်ကြီးဟာ အကြီးတန်း အီရတ်အရာရှိတွေနဲ့ အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
အပေးအယူအရ သြစတြေးလျတပ်တွေ ဘယ်လိုနဲ့ ဘယ်အချိန် စေလွှတ်မယ်ဆိုတဲ့ အသေးစိတ်က သြစတြေးလျစစ်တပ်အပေါ် မူတည်တယ်လို့ ဘစ်ရှော့က ပြောပါတယ်။
သြစတြေးလျဝန်ကြီးချုပ် တိုနီအဘ်ဘော့ကတော့ သူရဲ့အထူးတပ်ဖွဲ့ဝင် အယောက် ၂၀၀ ဟာ အီရတ်အစိုးရရဲ့ တရားဝင်အကာအကွယ်ကမ်းလှမ်းချက်တွေ မရသေးလို့ နိုင်ငံတွင်း မဝင်နိုင်သေးဘဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ စက်တင်ဘာလ လယ်ကတည်းက စောင့်နေခဲ့ရတယ်လို့ ပြောပါတယ်။
သြစတြေးလျ တိုက်လေယာဉ်မှူးတွေဟာ ဒီလက စပြီး အီရတ်နိုင်ငံတွင်းက ပစ်မှတ်တွေကို ပစ်ခတ်နေခဲ့တာပါ။
အစွန်းရောက် အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယား ၂ နိုင်ငံလုံးက ကြီးမားတဲ့နယ်မြေတွေကို ထိန်းချုပ်ထားပြီး သူတို့ကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း မဟာမိတ်တွေက အီရတ်အစိုးရဘက်ကနေ စစ်ကူပေးနေရပါတယ်။
Monday, October 20, 2014
DVB
No comments:
Post a Comment