Sunday, October 12, 2014

ပေါက်မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုကြောင့် တောတွင်းနေ စပါးကြီးမြွေများ လူနေရပ်ကွက် အတွင်းသို့ ရောက်ရှိ ဒေသခံများ စိုးရိမ်နေ


ပေါက်မြို့ လူနေရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိသည့် စပါးကြီးမြွေ တစ်ကောင်ကို ကျောချောင်း စပ်တွင် ပြန်လည်လွှတ်ပေးရန် ပြင်ဆင်နေသော ဒေသခံတစ်ဦးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုရဲ)
 
ပုံတောင် တောင်တန်းအရှေ့ဘက်ရှိ ပေါက်မြို့ အနီးမှ သစ်တောများပြုန်းတီးမှု တစ်နှစ် ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောအတွင်းနေ စပါးကြီးမြွေများ ပေါက်မြို့ပေါ် ရှိ လူနေ ရပ်ကွက်များနှင့် အနီးနားကျေးရွာများအထိ ရောက်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။ပေါက်မြို့ရှိ လူနေရပ်ကွက်များနှင့် အနီးနားကျေးရွာများဆီ ရောက်ရှိလာသည့် စပါးကြီးမြွေများထဲတွင် အချို့မှာ ၁၅ ပေနှင့်အထက် အရှည်ရှိသည့်အတွက် ကလေးများအား ရန်ပြုမည်ကို ဒေသခံများက စိုးရိမ်နေပြီး တွေ့ရှိသမျှမြွေများအား ဖမ်းဆီး၍ အခြားဘေးလွတ်ရာ နေရာများဆီသို့ သွားရောက် စွန့်ပစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မနှစ်က မြို့ပေါ်လူနေရပ်ကွက်တွေထဲက အိမ်ဝိုင်းတွေထဲအထိ ရောက်လာတဲ့ စပါးကြီးမြွေ အကောင် ကြီးတွေပဲ ၄၂ ကောင် ဖမ်းလိုက်ရတယ်။ ဒီနှစ်လည်း ဆက်ဖမ်းနေရတုန်းပဲ။ မနေ့က (အခုလ ၁ဝ ရက်) ဆိုရင် အရှည် ၁၅ ပေလောက်ရှိတဲ့ အကောင်သုံးကောင်တောင် ဖမ်းလိုက်ရတယ်။ အရင်ကတော့ ပေါက်မြို့ အနောက်ဘက်က တောတွေထဲမှာနေကြတာ။ အခုတောပြုန်းပြီး အစာရှာမရတဲ့အတွက် မြို့ပေါ် ရပ်ကွက်တွေအထိ ဝင်လာပြီး ကြောင်တို့၊ ကြွက်တို့၊ ကြက်တို့ကို ရှာစားကြတယ်။ မနေ့က ဖမ်းလိုက်ရတဲ့ အကောင်တွေထဲမှာ တစ်ကောင်က ကြောင်ကိုစားဖို့လုပ်ရင်း ဖမ်းမိတာ။ ခုအချိန်အထိ လူကိုထိခိုက်တာ မရှိသေးပေမယ့် ရေရှည်မှာ အဲဒီမြွေတွေ အစာရှာရခက်လာရင် ကလေးတွေအတွက် စိုးရိမ်ရတယ်” ဟု ပေါက်မြို့တွင် မြွေများအားဖမ်းဆီး၍ ဘေးလွတ်ရာသို့ ပြန်လွတ်ပေးနေသည့် ဒေသခံ ကိုရဲထွန်းဝင်းက ပြောကြားသည်။

ပေါက်မြို့လူနေရပ်ကွက်များဆီ ရောက်ရှိလာသော စပါးကြီးမြွေများအား ဒေသခံများမှ ဖမ်းဆီး၍ ဘေးလွတ် ရာသို့ သွားရောက်စွန့်ပစ်မှုများ ရှိသော်လည်း အချို့သော ကျေးရွာများတွင်မူ အဆိပ်ရှိ သတ္တဝါဟု ယူဆ၍ သတ်ဖြတ်ပစ်လိုက် သည်များလည်းရှိပြီး တောတွင်းနေ ၎င်းမြွေမျိုးစိတ်များ နေထိုင်ရန်အတွက် သစ်တောများအား ပြန်လည်ပျိုးထောင်ရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

Eleven Media Group

No comments:

Post a Comment