
ပြည်သူ လိုလားချက်အရ ပြောင်းလဲ လျှောက်လှမ်းနေသည့် ပါတီစုံစနစ် လမ်းကြောင်းပေါ် တွင် ယခုထက်ပိုပြီး ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင် ရန်၊ အောင်မြင်မှု ရရှိရန် အတွက် တပ်မတော် အနေဖြင့်လည်း ပါဝင်ကူညီ ဆောင်ရွက်လျက် ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အနောက်မြောက် တိုင်း စစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ မုံရွာတပ်နယ် အရာရှိ၊စစ်သည် မိသားစုများ အား လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပခုက္ကူတပ်နယ် ခန်းမ၌ ပခုက္ကူတပ်နယ် အရာရှိ၊ စစ်သည် မိသားစုများအား လည်းကောင်း တွေ့ဆုံစဉ် အမှာစကား ပြောကြား ရာ၌ ထည့်သွင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးနှင့် တပ်နယ် အလိုက် အရာရှိ၊စစ်သည်မိသားစုများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၌ အမျိုးသား နိုင်ငံရေးဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ထား ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ခိုင်မာသည့် ရပ်တည်ချက်ဖြင့် ပါဝင် ဆောင် ရွက်နေကြောင်း၊ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲနေမှုများ၌ မြို့နယ်၊ ခရိုင်အဆင့်များတွင် တရားဥပဒေ စိုးမိုးရေး၊ မြို့သာယာ လှပရေး၊ မြို့အုပ်ချုပ်ရေး ကိစ္စရပ်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ပေါင်းစပ်၍ ပူး ပေါင်း ဆောင်ရွက် လျက် ရှိပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ ဥပဒေနှင့်အညီ တာဝန်ပေးအပ် ထားရှိ၍ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းပြည် အကျိုးပြု လုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက်နေကြောင်း၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ၌ နိုင်ငံတော်၏ ဈေးကွက် စီးပွားရေး စနစ်ကို အထောက်အကူဖြစ်စေရန် ဥပဒေ စည်းမျဉ်းများနှင့် အညီ ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း၊ အမြတ်အစွန်းကို အဓိက မထားဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေး၍ တပ်မိသားစုဝင်များ၊ အငြိမ်းစား စစ်မှုထမ်းဟောင်းများ၏ သက်သာချောင်ချိရေး အတွက် ဦးတည်လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် တည်ငြိမ် အေးချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ လက်ရှိ နယ်စပ်ဒေသ အချို့တွင် လက်နက်ကိုင် ပြဿနာများ ရှိနေ၍ တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆)ရပ်နှင့် အညီ ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် ဥပဒေနှင့် အညီ နေထိုင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ အလားတူ တရားဥပဒေ စိုးမိုးရေးသည်လည်း အရေးကြီးသောကြောင့် တပ်မတော်သားများ အနေဖြင့်လည်း ထုတ်ပြန်ထားသည့် စစ်ဘက်၊ နယ်ဘက် တရားဥပဒေနှင့် အညီ ကျင့်ကြံ နေထိုင်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ အတွက် စည်းလုံးညီညွတ်မှုသည်လည်း အထူး လိုအပ်သဖြင့် တိုင်းရင်းသားအားလုံး အစွဲများကို ဖျောက်၍ ''မြန်မာ'' ဆိုသည့် စိတ်ဖြင့် စုစည်းညီညွတ်စွာ နေထိုင် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အလုပ် လုပ်ကြရမည် ဖြစ်ကြောင်း၊အလုပ်မလုပ်ဘဲ တိုးတက်မှု မရနိုင်သဖြင့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံးသည် မိမိ၏ လုပ်ငန်းတာဝန်များကို တိုးတက် လိုစိတ်ဖြင့် ထမ်းဆောင်ကြရန် လိုကြောင်း၊ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်၊ ကိုယ်နေသည့် တပ်ကို တိုးတက်အောင် ကြိုးစား လုပ်ဆောင်ခြင်းဖြင့် မိမိတပ်မတော် တိုးတက်ရေး၊ မိမိတိုင်းပြည် တိုးတက်ရေး၊ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့ကာလတွင် အချိန်နှင့်အမျှ တိုးတက် ပြောင်းလဲနေသည့် နည်းပညာ သဘောတရားကြောင့် ခေတ်မီ စစ်လက်နက် အသုံးအဆောင် ပစ္စည်းများ စစ်နည်းဗျူဟာ၊ စစ်အတတ်ပညာများအား အမြဲမပြတ် လေ့လာနေရန် လိုအပ်ကြောင်း၊ ယင်းစစ်လက်နက် အသုံးအဆောင် ပစ္စည်းများကိုလည်း ကျွမ်းကျင်စွာ အသုံးချနိုင်အောင် လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ သင်ကြား လေ့ကျင့်ပေးလိုက်သည့် စစ်ပညာ ဆိုင်ရာများကိုလည်း လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆို သည့် တပ်မတော်၏ ကျင့်စဉ်များနှင့် အညီ နိုင်ငံတော်မှ အားထားရသည့်တပ်၊ ပြည်သူလူထုက အားကိုးရသည့် တပ်များဖြစ်ရေး ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုကြောင်း၊ မုံရွာ၊ ပခုက္ကူဒေသ များသည် ရာသီဥတု ပူပြင်းသောကြောင့် သားစဉ်မြေး ဆက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် သစ်ပင်စိုက်ပျိုးရေးကို အလေးထား လုပ်ဆောင်ရန် လိုကြောင်း၊ မိမိတပ် ဌာနချုပ်နှင့် စည်းရုံးရေး နယ်မြေအလိုက် နှစ်စဉ် တစ်ဧက၊ နှစ်ဧကဖြင့် တစ်ပိုင်တစ်နိုင် စဉ်ဆက်မပြတ် စိုက်ပျိုးသွားရန် လိုကြောင်း၊ စိုက်ပျိုးပြီး အပင် ရှင်သန်ဖြစ်ထွန်းအောင် ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ယင်းသစ်ပင်များ ရှင်သန်ကြီးထွား လာပါက ရာသီဥတု ကောင်းမွန်မှုကို အထောက်အကူ ရစေနိုင်မည် ဖြစ်ကြောင်း၊ အလားတူ မိမိတပ် သာယာလှပရေး ကိုလည်း စစ်သည် မိသားစုများ ဝိုင်းဝန်း လုပ်ဆောင်ကြရန် လိုကြောင်း၊ မြို့ပေါ်ရှိ တပ်များ ဖြစ်ခြင်းကြောင့် မိမိတပ် သာယာလှပခြင်းသည် မိမိရပ်ရွာ ဒေသ သာယာလှပရေး အတွက်လည်း အထောက် အကူ ဖြစ်စေနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။
အမှာစကား ပြောကြားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သုတရသစာစောင်၊ အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူတို့မှ လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေး ရန်ပုံငွေ ပေးအပ်ရာ တာဝန်ရှိသူတို့မှ လည်းကောင်း တပ်နယ်အလိုက် အသီးသီး လက်ခံရယူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူတို့၏ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်ချက်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် အောက်တိုဘာ ၂၂
No comments:
Post a Comment