တဒင်္ဂ ဆွံ့အသွားခြင်း
……………………………
ဒီနေ့ ကျမတို့မေမေကို မောင်လေးရဲ့ စီနီယာဖြစ်သူရဲ့
အမျိုးသမီးနဲ့သားသားတို့က လာကန်တော့ကြပါတယ်။
သားအမိနှစ်ယောက်ကန်တော့လည်းပြီးရော ကျမတို့မေမေက အမေဖြစ်သူကိုဆုပေးပြီးတော့
သားဖြစ်သူကိုလည်း သားသားလေးလည်းထူးချွန်ထက်မြက်တဲ့သူဖြစ်ပါစေ။မေမေက sister ဆိုတော့ သားသားလေးက ဆရာဝန်ကြီးဖြစ်ပါစေ။
သားအမိနှစ်ယောက်အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက်
ချစ်ခင်စွာ စောင့်ရှောက်ပြီးနေထိုင်နိုင်ကြပါစေလို့ဆုတောင်းစကားဆိုတော့
သားသားပြန်ပြောလိုက်တဲ့ စကားက သားသားက ဆရာဝန်လည်းမဖြစ်ချင်ပါဘူး ဖွားဖွားကြီး။
သားသားက လွင်မိုးပဲဖြစ်ချင်တာတဲ့။သားသား လွင်မိုးပဲလုပ်မှာတဲ့။
သူဘာပြောမှန်း ကျမတို့နားမလည်တော့ သားသားရဲ့မေမေကရှင်းပြတယ်။လွင်မိုး ဗိုလ်ကြီး လုပ်ထားတဲ့စစ်ကားကိုပြောတာအန်တီတဲ့။
သူက လွင်မိုးလို စစ်ဗိုလ်လုပ်မယ်ပြောတာတဲ့။ သူ့အမေစကားဆုံးတော့ သားသားကထပ်ပြောပြန်တယ်။
သားသား လွင်မိုးလုပ်မှကိုဖြစ်မှာ .......
ဘာလို့လဲဆိုတော့ ဖေဖေက လကမ္ဘာမှာ သားသားမမွေးခင်ကတည်းက
စစ်သွားတိုက်နေတာ…..... ။
အရမ်းကြီးကိုကြာနေပြီ သားသား ဖေဖေ့နောက်ကိုလိုက်ပြီး စစ်ကူသွားပေးမှ
ဖေဖေမြန်မြန်ပြန်လာလို့ရပြီး သားသားရယ် မေမေရယ် ဖေဖေရယ် အတူတူနေလို့ရမှာ တဲ့။
နောက်ပြီး သားသားကလေ ဖေဖေ့လို အစိမ်းရောင်လွင်မိုးပဲလုပ်မှာနော်တဲ့။ အပြာရောင် လွင်မိုးမလုပ်ချင်ဘူးဆိုပြီးပြောတော့ ကျမတို့သားအမိရော သားသားရဲ့အမေဖြစ်သူပါ
တဒင်္ဂဆွံ့အပြီး မျက်ရည်လေးလည်လည်…လည်လည်ဖြစ်မိတယ်။
ဘာလို့ဆို သားသားကိုယ်ဝန်နေ့စေ့ လစေ့ကြီးမှာ သားသားရဲ့အဖေဖြစ်သူ အစ်ကိုကြီးက
တိုက်ပွဲကျသွားလေတော့ သားသားက အဖေကို အပြင်မှာမျက်နှာလေးတောင် မြင်ခွင့်မရရှာဘဲ ဓာတ်ပုံထဲမှာသာ အဖေမျက်နှာကိုမြင်ခွင့်ရှိခဲ့ပြီး အဖေဖြစ်သူက ကြည်းတပ်ကမို့ အစိမ်းရောင် ယူနီဖောင်းနဲ့ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ရင်း သားသားစိတ်ထဲမယ် အစိမ်းရောင် လွင်မိုးဖြစ်ချင်ခဲ့ရှာတာနေမှာပေါ့လေ။
မှတ်မှတ်ရရ ကလေးအဖေ တိုက်ပွဲမှာအသက်ပေးလှူသွားတာ စက်တင်ဘာလ ကလေးကိုမွေးတာက စက်တင်ဘာလနောက်ပိုင်းမို့ အခုဆို ၄နှစ်တောင် ကျော်ပါပေါ့။
အဖေရဲ့ထွေးပွေ့မှုတစ်ခါဖူးမှမခံခဲ့ရရှာတဲ့ သားသားက စစ်တိုက်သွားတာကြာတဲ့အဖေဖြစ်သူကို
သားသား ဖေဖေ့နောက်ကိုလိုက်ပြီး စစ်ကူသွားရင် ဖေဖေမြန်မြန်ပြန်ရောက်လာမှာဘဲလို့
ကလေးအတွေးလေးနဲ့ အဖေကိုတွေ့လိုဇောနဲ့ တစ်ထစ်ချမှတ်ယူထားတာကိုက
ဝမ်းနည်းကြေကွဲစရာ။
ဒီလိုအဖြစ်မျိုးတွေ ကျမတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ များစွာ တကယ်ကိုများစွာမို့ တူညီတဲ့အဝန်းအဝိုင်းတစ်ခုထဲမှာရှင်သန်နေရတဲ့ကျမတို့နဲ့ရင်ဘတ်ချင်းနီးသူတွေ ကြွေလွင့်
သွားတဲ့အခါတိုင်းအဖမဲ့သားတွေမြင်ရတဲ့အခါတိုင်း ဝမ်းနည်းမှုတွေကအင်္သချေမို့
မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့စစ်ပွဲတွေရယ်
အမြန်ရပ်ပါတော့ဟယ်… ။
Tharaphi Mya Thi
0 comments:
Post a Comment