
ဆယ်လူလာ အသုံးပြုနိုင်သည့် iPad မော်ဒယ်သစ်များတွင် ကမ္ဘာတစ်ဝန်းရှိ wireless ဆက်သွယ်ရေး ကုမ္ပဏီများ၏ data plan ကို ရွေးချယ် အသုံးပြုနိုင်မည့် Apple SIM ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ feature သည် iPad ပေါ်တွင် အမေရိကန်နှင့် ယူကေတို့မှ ရွေးချယ်ထားသော ဆက်သွယ်ရေး ကုမ္ပဏီများ၏ ကာလတို data plan အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်ရန်အတွက် ဖန်တီးပေးထားကြောင်း Apple မှ ပြောကြားခဲ့သည်။ iPad သုံးစွဲသူများ အနေဖြင့် ခရီးသွားလာသည့်အခါတွင် SIM သစ်တစ်ခုကို ထည့်သွင်း အသုံးပြုရလေ့ရှိသည်။ ၎င်း လုပ်ငန်းစဉ်သည် ငြီးငွေ့ဖွယ်ရာ ကောင်းသည့်အပြင် tablet ၏ setting menu မှ data ဝန်ဆောင်မှုလည်း ပျောက်ဆုံးသွားလေ့ရှိသည်။ ထိုပြဿနာများကို ဖြေရှင်းရန် Apple SIM သည် ခရီးသွားလာလေ့ရှိသော သုံးစွဲသူများအတွက် အထောက်အပံ့တစ်ခု ဖြစ်လာဖွယ်ရှိသည်။ ယခုအခါတွင် Apple SIM feature ၌ အမေရိကန်ရှိ AT&T, Sprint နှင့် TMobile ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ယူကေရှိ EE ဆက်သွယ်ရေး ကုမ္ပဏီတို့သာ ပါဝင်သေးသည်။ သို့သော်လည်း အနာဂတ်တွင် ဆက်သွယ်ရေး ကုမ္ပဏီများစွာ ပါဝင်လာမည် ဖြစ်ကြောင်း Apple က အရိပ်အမြွက် ပြောကြား ခဲ့သည်။
Apple SIM သည် သာမန် SIM ကဲ့သို့ပင် ဖြစ်ပြီး ၎င်း SIM ၏ ID နံပါတ်ကို Apple ဖြင့် ပူးပေါင်းထားသည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုချင်းစီတွင် စာရင်းသွင်းပေးထားမည် ဖြစ်သည်။ ယခင်က Apple သည် embed ပြုလုပ်ထားသော SIM နည်းပညာကို အသုံးပြုရန် စီစဉ်ခဲ့သော်လည်း ဆက်သွယ်ရေးကုမ္ပဏီများနှင့် သဘောတူညီချက် မရရှိခဲ့ပေ။
အထက်ပါ Apple SIM ကို Apple ၏ iPad mini 3 တွင် ထည့်သွင်း၍ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း Apple မှ ပြောကြားထားသော်လည်း မည်သည့် အစီအစဉ်များ ထောက်ပံ့ပေးမည်ကိုမူ မသိရှိရသေးပေ။
Ref: AppleInsider
အင်တာနက်ဂျာနယ်
No comments:
Post a Comment