Monday, November 17, 2014

``ဘဝတစ်ကွေ့ ဝယ်´´


``ဘဝတစ်ကွေ့ ဝယ်´´
~~~~~~~~~~~~~

သိကျွမ်းခင်မင် တွေ့မြင်ဆုံစည်း

ရင်းနှီးချစ်ကြည် သွားမည်လက်တွဲ

တူတူပဲလျှင် စိတ်ထဲရည်စူး

ကြည်ရွှင်မြူးလျှက် ခေါ်ထူးမေးပြော

ရယ်တမောတည့်

ဘယ်သောခါမှ စန်းခန်းလှသို့

ရောက်ရမည်နော် မသိသော်လည်း

ရွှင်ပျော်စိတ်ဝမ်း တူလျှင်လှမ်းသည်

သည်လမ်းဘဝဆီမှာတည်း

ဘဝကွေ့ဝယ် ပျော်မွေ့ကြည်သာ

သွားလေရာက နှစ်ဖြာလမ်းခွဲ

ရောက်မလွဲတည့်

သူလဲဟိုဆီ တပ်ဦးချီ၍

သည်ဆီငါလှမ်း ဆက်၍မြန်းသော်

စိတ်ဝမ်းကြေကွဲ တစ်ကိုယ်ထဲလျှင်

လှိုက်လဲပူတွေ့ ချိမမြေ့သည်

အကွေ့ဘဝဆီမှာတည်း

သို့ဖြစ်သည်ကြောင့်

ချစ်ကြည်မြတ်လေး ဆွေအတွေးဝယ်

မဝေးလှသည့် ဘဝထိုထို

လမ်းတစ်ခို၌

လျှပ်လိုခဏ တွေ့ကြရခိုက်

မေတ္တာမဏ္ဍိုင် တူစိုက်ပြိုင်စို့

တက်နိုင်သမျှ ချစ်ကြပါစို့

ဘဝလမ်းဟာ တိုတောင်းစွာကို

သာယာသမှု ငါတို့ပြုစို့

ညစ်မှုမထင် စိတ်ဖြူစင်ဖြင့်

များရှင်လူသူ ငါတို့ကူစို့

နိဗ္ဗူမြတ်နန်း ခေမာကမ်းသို့

တက်လမ်းပြညွှန် ခရီးမွန်ဝယ်

အားသွန်ကြိုးစား ရောက်လိုအားဖြင့်

တရားရှာဖွေ မွေ့ပါစို့

ငွေတာရီ

No comments:

Post a Comment