Friday, December 26, 2014

ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီမှ စွန့်ပစ်မြေစာများကြောင့် ဖားကန့်ဒေသခံများ သောက်သုံးရေ ခက်ခဲလာ

ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသရှိ ဆွတ်အောင်ကျေးရွာတွင် ကုမ္ပဏီမှ စွန့်ပစ်သည့် မြေစာများကြောင့် သောက်သုံးရေအဖြစ် မှီခိုအားထားရသည့် တစ်ခုတည်းသောရေကန်ကြီးမှာ တဖြည်းဖြည်းတိမ်ကောလာပြီး ရေများမှာလည်း ညစ်ထည်းနေကြောင်း သိရသည်။
ဆွတ်အောင်ကျေးရွာရှိ လူဦးရေ ၁၅ဝဝ ကျော်မှာ အဆိုပါသဘာဝရေကန်ကြီးအား သောက်သုံးရေအဖြစ် နှစ်ပေါင်းများစွာ မှီခိုအားထားနေခဲ့ရပြီး အနီးအနားရှိ ရွာများကလည်း ထိုရေကန်ကြီးမှ ပိုက်များသွယ်တန်းထားကာ သောက်သုံးနေရကြောင်း သိရသည်။
မကြာသေးမီအချိန်က စွန့်ပစ်မြေစာများပစ်ရန် ထိုရေကန်ကြီးနားတစ်ဝိုက် လမ်းများဖောက်လုပ်ခဲ့ရာမှ အစပြု၍ ရေကြောပိတ်ဆို့မှုများဖြစ်ကာ ရေထွက်အားနည်းသွားပြီး ထွက်လာသောရေအချို့မှာလည်း နောက်ကျိ ကာ သောက်ရေအဖြစ် အသုံးပြု၍မရတော့ကြောင်း၊ နွေရာသီရောက်၍ ရေကန်ကြီးသာ ခန်းခြောက်သွားလျှင် ဒေသခံများမှာ များစွာအခက်အခဲဖြစ်သွားနိုင်ကြောင်း ဆွတ်အောင်ကျေးရွာမှ ဒေသခံကိုနိုင်လင်းက ဆိုသည်။
၎င်းက ဆက်လက်၍ “လမ်းဖောက်ပြီးတော့ မြေစာမကျအောင် မိုးကာနဲ့ပဲ ကာထားတယ်။ အထက်ကို လုပ်ပေးတယ်ဆိုရုံတင်ပြ ဖို့ ဝတ္တရားကျေလုပ်ထားတာ ရယ်စရာကောင်းနေတယ်။ မိုးရာသီဆိုရင် ရေကန်ကြီးဟာ မျှောကြောင်းတွေစီးပြီး လုံးဝပျက်စီးသွားနိုင်တယ်။ သက်တမ်းကုန်ရင် သူတို့ကထွက်သွားမှာ။ ကျွန်တော်တို့ ဒေသခံတွေက ဒုက္ခရောက်ပြီး ကျန်ခဲ့မှာ”ဟု ပြောကြားသည်။
ကျောက်စိမ်းတူးဖော်ရာတွင် စွန့်ပစ်မြေစာပစ်ရန် နေရာမှာလည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အလျောက် ယင်းမြေစာပစ်ရန် နေရာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပေါင်းကာ ရွာနီးချုပ်စပ် အန္တရာယ်ကျ ရောက်နိုင်သောနေရာများတွင် မဆင်မခြင်စွန့်ပစ်မှုများရှိနေပြီး စိမ်းလန်းစိုပြည်၍ ရေစီးရေလာကောင်းသော လျှိုမြောင်များကြားတွင်လည်း မြေစာများစွန့်ပစ်နေရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုပေါင်း များစွာရှိနေကြောင်း သိရသည်။ 
 ( စွန့်ပစ်မြေစာများကြောင့် သောက်သုံးရေအဖြစ် မှီခိုအားထားရသည့် တစ်ခုတည်းသော ရေကန်ကြီး တိမ်ကောလာသည်ကို တွေ့ရစဉ်)

1 comment:

  1. သတင်းအစုံသိရသဖြင့်ေ ကျး ဇူးတင်ပါတယ်။

    ReplyDelete