Wednesday, August 27, 2014

သေခြင်းကို ထိုင်စောင့်ကြရင်း


အဆောင်တစ်ခုအတွင်း ထိုင်နေသည့် အဘိုး၊ အဘွားများ [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

ဆရာတော်တစ်ပါး၏ တရားသံက ဆောင်းဘောက်စ်မှတစ်ဆင့် ပျံ့လွင့်နေသည်။ ဧကတစ်ဝက်ခန့်ရှိ မြေပေါ်တွင် ၀ါး၊ ဓနိဖြင့် ဆောက်လုပ်ထားသော အဆောင်တစ်ခုအတွင်း အသက်(၇၀)နှင့် အသက်(၉၀)ကြား အဘိုး၊ အဘွား တစ်ရာကျော် နေထိုင်လျက်ရှိသည်။ ခုတင်ပေါ်တွင် လဲလျောင်းရင်း ဆောင်းဘောက်စ်မှ ထွက်ပေါ်လာနေသည့် တရားသံဖြင့် တရားမှတ်နေကြသည်ကို တွေ့ရသည်။ ယင်းအဆောင်အတွင်း တစ်ဦးလျှင် လဲလျောင်းအိပ်စက်ရန် ခုတင်တစ်လုံးစာ နေရာရရှိကြသည်။

တစ်ယောက်အိပ် သစ်သားခုတင်လေးပေါ်တွင် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်နှင့် ရေနွေးဘူး၊ ခြင်းတောင်း၊ နွမ်းလျနေသော အ၀တ်အစားအချို့က နေရာတော်တော်များများ ယူထားသည်။ ပစ္စည်းများလွတ်နေသော နေရာလေးတွင် အိပ်စက်ကြရသည်။

အားကိုးစရာ ဆွေမျိုးမရှိတော့၊ စောင့်ရှောက်သူမဲ့နေပြီ။ ဆေးရုံများ (သို့မဟုတ်) လမ်းမများပေါ်မှ နာမကျန်းဖြစ်နေသည့် ဘိုးဘွားများ၏ နောက်ဆုံးအချိန်၊ နောက်ဆုံးမျှော်လင့်ချက်အတွက် စောင့်ရှောက်ပေးနေသော သဘာဝတရားရိပ်သာအတွင်းရှိ အဆောင်တစ်ခုတွင် ဖြစ်ပါသည်။

သစ်ဝါးအများစုဖြင့် ဆောက်လုပ်ထားသော အဆောင် ၅၀ ကျော်တွင် ဘိုးဘွားနှစ်ထောင်ကျော်နှင့် အခြေအနေအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော လူ ၄၀၀ ကျော်တို့ နေထိုင်ကြသည်။ ဘိုးဘွားများအတွက် နံနက်တွင် ပဲပြုတ်ထမင်းနှင့် နေ့လယ်စာ ထမင်းဝေစုရကြသည်။

သန်လျင်မြို့နယ်၊ ညောင်ပင်မှတ်တိုင်အနီးရှိ သဘာဝတရားရိပ်သာ၏ သက်တမ်းမှာ ၆ နှစ်ရှိပြီဖြစ်ပြီး ရိပ်သာတွင် နေထိုင်ရင်း သေဆုံးသွားသူ ဘိုးဘွားလူနာပေါင်း ၃၀၀ ကျော်သွားပြီ ဖြစ်သည်။ သေဆုံးသွားသော ဘိုးဘွားများကို သံလျင်နာရေးကူညီမှုအသင်း အကူအညီဖြင့် သန်လျင်မြို့နယ်ရှိ အမိုးနီသုသာန်တွင် သင်္ဂြိုဟ်ပေးသည်။ ပိုင်ရှင်ရှိသူ ဘိုးဘွားများအတွက်လည်း မိသားစု၏ဆန္ဒအရ သင်္ဂြိုဟ်ခွင့်ပြုသည်။

၂၀၁၃ ခုနှစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဂန္ဒီဆေးရုံ၊ နားနှာခေါင်းလည်ချောင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ အမျိုးသမီးသားဖွားဆေးရုံ၊ အင်းစိန်ဆေးရုံများမှ ဆေးရုံလူမှုဆက်ဆံရေးအရာရှိများက နေစရာမရှိသော လူနာအချို့ကို သဘာဝတရားရိပ်သာသို့ ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

‘‘ခုနောက်ပိုင်း ဆေးရုံတွေကနေ တစ်နေ့တစ်ယောက်နှုန်း ရောက်နေတယ်’’ဟု ရိပ်သာတာဝန်ရှိသူ ဒေါ်ခင်စမ်းဦးက ရှင်းပြသည်။

ဆွေမျိုးသားချင်းမရှိ ရောဂါမျိုးစုံဖြစ်၍ မျှော်လင့်ချက်မဲ့နေသော အစိုးရဆေးရုံများမှ လူမမာများကို ဆေးရုံလူမှုဆက်ဆံရေးအရာရှိဌာနများက ပို့နေရာ စွန့်ပစ်ဘိုးဘွားလူဦးရေမှာ တစ်နေ့တစ်ခြား တိုးတိုးလာနေသည်။

‘‘လူနာတွေကအစုံပဲ။ လေဖြတ်တာကစပြီး တီဘီ၊ HIV၊ ကင်ဆာ၊ သေမယ့်လူနာတွေထိ အရွယ်မျိုးစုံလာပို့ကြတယ်’’ဟု ဒေါ်ခင်စမ်းဦးက ရှင်းပြသည်။

ဆေးရုံများရှိ လူမှုဆက်ဆံရေးအရာရှိများကလည်း သဘာဝတရားရိပ်သာရှိ ဘိုးဘွားများ နေထိုင်မကောင်း၊ အရေးပေါ်ဆေးရုံတင်ရမည့် ကိစ္စမျိုးရှိပါက ကုန်ကျစရိတ် အခမဲ့ဖြစ်စေရန် ပြန်လည်ကူညီပေးကြသည်။

‘‘ဆေးရုံက ပို့တယ်ဆိုတာ လူနာကုသမှုအပိုင်းပြီးပြီလေ။ လူနာက နေစရာမှမရှိတာ။ ဆေးရုံမှာ တစ်သက်လုံးထားလို့မှ အဆင်မပြေတာ။ လူနာက သွားစရာနေရာမရှိတော့ နေဖို့အကူအညီပေးတဲ့ ရိပ်သာတွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးနေရတာပေါ့’’ဟု ဆေးရုံတစ်ခုမှ လူမှုဆက်ဆံရေးအရာရှိတစ်ဦးက အခက်အခဲကို ရှင်းပြသည်။

ဧရာဝတီတိုင်း၊ ကျုံမငေးမှ ရောက်ရှိလာသော အသက် ၈၂ နှစ်အရွယ် အဘွားအိုက ‘‘စားရေးသောက်ရေး နေရေးမပူရတော့ ဘာသောကမှ မရှိတော့ဘူး။ အိမ်မှာတုန်းက မိသားစုစားဝတ်နေရေး မပြေလည်တာ ကြားနေရတော့ စိတ်ညစ်ရတယ်’’ဟု ဆိုသည်။

သဘာဝတရားရိပ်သာတွင်း နေထိုင်သော စုစုပေါင်း လူ ၂၄၀၀ ကျော်အတွက် နေ့စဉ်ငွေကျပ် သုံးသိန်းခွဲခန့် ကုန်ကျပြီး စားသောက်ရန် နေ့စဉ် ဆန် ၁၀ အိတ်နှုန်းဖြင့် တစ်လလျှင် ဆန်အိတ် ၃၀၀ ခန့် ကုန်ကျသည်ဟု ရိပ်သာတာဝန်ရှိသူတို့ကဆိုသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များတွင် သဘာဝတရားရိပ်သာမှ သံဃာတော်များက ဆွမ်းခံထွက်ခြင်း၊ တစ်ခါတစ်ရံ အလှူခံထွက်ခြင်းဖြင့် စွန့်ပစ်ခံဘိုးဘွားများ၏ စားဝတ်နေရေးအတွက် ရှာဖွေကြရသည်။

ရိပ်သာတွင် ရောက်ရှိနေသည့် အဘိုးအဘွားများမှာ ငွေကြေးချို့တဲ့သူများနှင့် ကျန်းမာရေးပိုင်း ချို့ယွင်းနေသူများ၊ မိသားစုမှ လာပို့သူများ စသဖြင့် ဇာတ်လမ်းစုံဖြစ်သည်။

‘‘ဆွေမျိုးတွေကို သတိရတာမရှိဘူး။ တမ်းတလည်းမနေဘူး။ မျှော်လင့်ချက်လည်း မထားတော့ဘူး’’ဟု ရိပ်သာနေ အဘွားအိုတစ်ဦးက ယတိပြတ်ပြောသည်။

မျှော်လင့်ချက်မဲ့နေသော ဘိုးဘွားများကို ကူညီပေးနေသူများက ရေချိုးပေးခြင်း၊ အညစ်အကြေးများ သန့်ရှင်းပေးခြင်း၊ အ၀တ်အစားများ လျှော်ပေးခြင်း စသဖြင့် ဝေယျာဝစ္စများကို ကူညီပေးကြသည်။

သဘာဝတရားရိပ်သာမှ တာဝန်ရှိသူ ဒေါ်ခင်စမ်းဦးက ‘‘ဘိုးဘွားတွေကို တရားနဲ့သွားစေချင်တာ ဆရာတော်က နောက်ဆုံးလူနာတွေကို တရားသွားပေးတယ်။ တရားနာပြီး အေးအေးချမ်းချမ်း ဆုံးစေချင်တာ’’ဟု ဆိုသည်။

ဘိုးဘွားအများစုက ဘ၀နောက်ဆုံးချိန်အတွက် မျှော်လင့်ချက်သိပ်မထားကြ။ အများစုမှာ နေလို့ရသလောက် အသက်ရှင်နေရင်း တရားနှင့်သေမည်ဖြစ်ကြောင်း ဘိုးဘွားများကဆိုသည်။

ဆေးရုံက လက်လျှော့ထားသော လူနာများသည် ရိပ်သာရောက်ပြီး တရားနာ၊ တရားအားထုတ်ရင်း ပြန်ကောင်းလာသည်များလည်း ရှိသည်။ ကျန်းမာရေးဆိုးရွားနေသော လူနာရှိသည့် အဆောင်၌ တရားခွေကို အချိန်ပြည့်ဖွင့်ပေးထားပြီး အဆောင်တိုင်းတွင် ဆောင်းဘောက်စ်များရှိကာ ၀ိပဿနာနှင့်ဆိုင်သော တရားခွေများကို နေ့စဉ်ဖွင့်ထားသည်။

‘‘ကိုယ့်ဟာကိုယ်နေတတ်နေပြီ။ စရောက်တုန်းက မနေတတ်ဘူး။ တရားနဲ့ ပျော်မွေ့နေပါပြီ။ သူများအိမ်မှာနေရင် သူများမျက်နှာ ကြည့်နေရတယ်။ ဒီမှာအေးတယ်။ တရားအားထုတ်လို့ရတယ်’’ဟု ဆီးချိုဖြစ်၍ ခြေတစ်ဖက်ဖြတ်ထားရသော ဒေါ်မြင့်မြင့်သိန်းက ရှင်းပြသည်။

‘‘ဒီမှာ သေတာကြုံဖူးတယ်။ သေတဲ့လူက ငြိမ်နေတာ။ သေလို့သေမှန်းတောင် မသိလိုက်ဘူး။ နေ့လယ် ၁၂ နာရီလောက် ရေချိုး၊ သနပ်ခါးလိမ်းပြီး ခဏနေတော့ သေနေတာပဲ။ အပြင်ဘ၀တွေမှာဆို ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေတာတွေရှိတယ်။ ဒီမှာက အသေကောင်းတယ်’’ဟု ဒေါ်မြင့်မြင့်သိန်းကဆိုသည်။

ရိပ်သာတွင် နာမကျန်းနှင့် သက်ကြီးရွယ်အိုအများစုဖြစ်နေ၍ သေခြင်းတရားက နေ့စဉ်ကြုံနေကြရသည်။

‘‘ခုတင်ပေါ်မှာပဲနေတာ တစ်နှစ်ကျော်ပြီ။ ခုတင်ပေါ်မှာ ဖျာလိပ်ပြီး ရေချိုးရတယ်။ အဆောင်ထဲမှာ သေတဲ့လူက အများကြီးပဲ။ မျက်နှာချင်းဆိုင်က သေတယ်။ တစ်ခါတလေ သေလို့သေမှန်းတောင် မသိဘူး။ သေတာတော့ ရိုးနေပြီ။ ကြောက်လည်း မကြောက်တော့ပါဘူး’’ဟု အသက် ၇၁ နှစ်ရှိ ဟိန္ဒူလူမျိုး ဒေါ်တင်နွဲ့ကဆိုသည်။

အဘိုးအဘွားများအပြင် စိတ်ဝေဒနာရှင် ၇၅ ဦးခန့် ရောနှောနေထိုင်ကြပြီး စိတ်မနှံ့သူများကလည်း ရိပ်သာ၏ဝေယျာဝစ္စနှင့် အမှိုက်ကောက်ခြင်းများ ပြုလုပ်ပေးသည်။

‘‘မျှော်လင့်ချက်က ဘာရှိဦးမလဲ။ အသက်လည်းကြီးပြီ။ ဒီမှာ တရားနာတယ်။ တရားနဲ့သေမယ်။ သေမှာမကြောက်တော့ဘူး။ ဒီက အသက်ကြီးတဲ့လူတွေက မကြောက်တော့ပါဘူး’’ဟု အဖြူရောင်ဆံပင်ကျိုးတိုးကျဲတဲနှင့် အသားအရေတွန့်နေပြီး တုန်တုန်ယင်ယင်ဖြင့် အဘိုးအိုက တစ်လုံးချင်းအားယူရင်း ပြောလိုက်သည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...