Saturday, August 23, 2014

စိန်ခေါ်မှုများနှင့် ဆရာ၊ ဆရာမများ

အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည့် ဆရာ၊ ဆရာမများ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

"ညနေငါးနာရီကတည်းက ကားစစီးလာတာ။ အခုမှ ဘုရင့်နောင်တံတားပေါ်ပဲရှိသေးတယ်။ အိမ်ရောက်ဖို့ ကားက ဘယ်လောက်ပိတ်ဦးမလဲမသိဘူး။ ဒီအတိုင်းဆို အိမ်ရောက်တာနဲ့ နောက်နေ့ကျောင်းချိန်မီဖို့ အ၀တ်အစားလဲပြီး ပြန်ထွက်ရမယ့်ကိန်းဆိုက်နေပြီ’’ဟု လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် စာသင်ကြားပြီး အိမ်ပြန်မည့် ဆရာမတစ်ဦးက လိုင်းကားပေါ်တွင် ညည်းတွားလိုက်သည်။

အစိုးရ၀န်ထမ်းဌာနအသီးသီးက အလုပ်ဆင်းချိန်တွင် နေအိမ်နှင့်နီးသည့် နေရာအထိ လိုက်ပို့ပေးမည့် ကြို/ပို့ယာဉ်များ စီစဉ်ပေးထားသော်လည်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအတွက် ကြို/ပို့ဖယ်ရီ စီစဉ်ပေးထားခြင်းမျိုး မရှိခဲ့ပေ။

ထိုအရာများက အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ရင်ဆိုင်ရသည့် သွားလာရေး အခက်အခဲတစ်ခုသာဖြစ်ပြီး ကျန်သည့်အခက်အခဲများမှာ စာသင်ကျောင်းများတွင် စောင့်ကြိုလျက်ရှိနေသေးသည်။

အခြေခံပညာကျောင်းအများစုရှိ စာသင်ခန်းများတွင် သင်ကြားပေးမည့် ဆရာအင်အားနှင့် ကျောင်းသားအင်အားများမှာ အချိုးမမျှတဘဲ ကျောင်းသူ၊ ကျောင်းသားများက များပြားနေလေ့ရှိသည်။ ဥပမာ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား ၇၀ နီးပါးရှိနေပြီး သင်ကြားပေးသည့်ဆရာမှာ တစ်ဦးတည်းဖြစ်နေလေ့ရှိသည်။

‘‘ညွှန်ကြားထားတဲ့အတိုင်း လပိုင်းမာတိကာကို တစ်လချင်းစီအလိုက် အချိန်မီအောင် သင်ပေးရတယ်။ ပြီးရင်လပတ်စာမေးပွဲကို စစ်ရတယ်။ ကျောင်းသား ၇၀ ရဲ့ အဖြေလွှာတွေကို စစ်ဆေးပြီးတော့ တစ်ဦးချင်းစီအလိုက် ရီပို့ကတ်ပြန်ထုတ်ပေးရတယ်။ အဲလိုအချိန်မှာ ကျောင်းသားအားနဲ့ ဆရာအားနဲ့က ဘယ်လိုမှမမျှတော့ဘူး။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းသားကို နားလည်အောင် သင်ကြားပေးရမယ့်အချိန်က ဘယ်လိုမှ မလောက်တော့ဘူး။ ဒီကြားထဲမှာ တခြားလှုပ်ရှားမှုတွေကိုလည်း အကုန်လုပ်ရသေးတယ်’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ် အထက(၅)မှ မြန်မာစာအထက်တန်းပြဆရာမ ဒေါ်မာလာငြိမ်းကပြောသည်။

ထို့အပြင် ပြောင်းလဲလာသည့် ယဉ်ကျေးမှုအရ အခြေခံပညာကျောင်းများရှိ အသက်အရွယ်ငယ်ရွယ်သည့် ဆရာ၊ ဆရာမများအား ကျောင်းသူ၊ ကျောင်းသားများက ရိုသေဂါရ၀ပြုသည့် အလေ့အထလည်း နည်းပါးလာကြောင်း ဆရာမများကဆိုသည်။

‘‘ကျောင်းကို ကျောင်းတက်ချိန် မှန်ဖို့အတွက်ပဲ အဖြစ်လာတက်တာမျိုး ဖြစ်နေတယ်။ ကျောင်းကသင်တဲ့စာကို ဂရုစိုက်ပြီးမသင်ဘူး။ အပြင်မှာ ကျူရှင်သင်နေတဲ့အတွက် ကျောင်းကသင်တာကို မလိုတော့ဘူးဆိုပြီးတော့ အလေးမထားကြဘူး။ အခုနောက်ပိုင်းမှာ အဲဒီလိုမျိုးတွေ နည်းနည်းပိုများလာတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ အသက်(၂၆) နှစ်အရွယ် ဆရာမတစ်ဦးက သူ၏အတွေ့အကြုံကို ပြောပြသည်။

‘‘အခုခေတ်မှာက ပြည်သူ့နီတိလည်း မသင်ရတော့ဘူး။ ဆရာတွေအပေါ်လည်း အရိုအသေနည်းလာတယ်။ ဆရာကလည်း ဆရာနဲ့တူအောင် နေရမယ်။ တပည့်ကလည်း တပည့်နဲ့တူအောင် နေရမယ်။ ဆရာတွေအနေနဲ့ကလည်း ကိုယ့်ရဲ့တပည့်တွေ လေးစားလာအောင် နေထိုင်တတ်ဖို့လိုတယ်’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ အငြိမ်းစားအထက်တန်းပြဆရာမ ဒေါ်ခင်အုန်းရီကပြောသည်။

ထို့အပြင် လက်ထောက်ဆရာ၊ ဆရာမများ ရင်ဆိုင်နေရသည့် အခြားပြဿနာတစ်ခုမှာ ကျောင်းအုပ်ဆရာမကြီးများက ဆရာ၊ ဆရာမများအား အနိုင်အထက်ပြုလုပ်သည့်ကိစ္စရပ်များဖြစ်ပြီး ခံရသည့် ဆရာ၊ ဆရာမများက တိုင်ကြားလေ့မရှိကြခြင်း ဖြစ်သည်။

ထို့အပြင် အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနေထိုင်ရန် ၀န်ထမ်းအိမ်ရာပေးသည့် ရာခိုင်နှုန်းမှာလည်း နည်းပါးလေ့ရှိပြီး ဆရာ၊ ဆရာမအများစုမှာ အိမ်ငှားနေထိုင်ရလေ့ရှိသည်။ ဆရာ၊ ဆရာမများရရှိသည့် လစာနှင့် နေထိုင်စရိတ်မှာ လစဉ်အလျှင်မီနိုင်ရန် ခက်ခဲကြောင်း ဆရာအများစုကဆိုသည်။ ထို့ကြောင့် ကျောင်းချိန် ပြင်ပကျူရှင်သင်ကြား၍ စားဝတ်နေရေးပြေလည်နိုင်ရန် ဖြေရှင်းလေ့ရှိကြသည်။

ကျောင်းပြင်ပကျူရှင်များသည် ကျောင်းအတွင်း စာသင်ချိန်ကြားမှုမတူဘဲ ကျောင်းသားအနည်းငယ်သာ သင်ကြားပေးရသောကြောင့် ကျောင်းသားများကို နားလည်အောင် ပိုမိုသင်ကြားပေးနိုင်သည်။ ထိုအခါတွင် ဆရာ၊ ဆရာမများမှာ ကျောင်းစာသင်ချိန်တွင် ကျောင်းသူ၊ ကျောင်းသားများအား နားလည်အောင် သင်ကြားပေးခြင်းမရှိဘဲ ကျောင်းပြင်ပ ကျူရှင်ချိန်များတွင် ကျူရှင်တက်သည့် ကလေးများအား ပိုမိုသင်ကြားပေးနေကြောင်း ကျောင်းသားမိဘကယူဆ၍ သက်ဆိုင်ရာဌာနများသို့ တိုင်ကြားလေ့ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ကျူရှင်သင်ကြားခြင်းမပြုရန်နှင့် တိုင်ကြားပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနက ဇူလိုင် ၁၇ ရက်တွင် ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့သည်။

‘‘ကျူရှင်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်တာ၊ ပြုတာတွေက တောက်လျှောက်ဖြစ်နေတယ်။ အဲဒါကြောင့် အတန်းပိုင်တွေက ကိုယ့်ကျောင်းသားကလေးတွေကို ကျူရှင်သင်တာမျိုး ခွင့်မပြုပါဘူး။ အရင်အခြေခံနှီးနှောဖလှယ်ပွဲမှာ ၀န်ကြီးပြောခဲ့တာကို သူတို့က ကျူရှင်ပေးခွင့်ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ လာတိုင်ရင်တော့ သွားရောက်စစ်ဆေးပြီးတော့ အရေးယူသွားပါမယ်’’ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

ယခုပြောင်းလဲလာမည့် ပညာရေးစနစ်မှာ ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ် (CCA) ဖြစ်နေသော်လည်း ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသား အချိုးမမျှတသောကြောင့် အခက်အခဲရှိနိုင်ကြောင်း ဆရာမများကဆိုသည်။

‘‘ကျောင်းသားဗဟိုပြု ပညာရေးစနစ်ဆိုပေမယ့် စာသင်ခန်းတစ်ခုမှာ ဆရာမကတစ်ယောက် ကျောင်းသားက လေး၊ ငါးဆယ်လောက်ဖြစ်နေတော့ ဘယ်လိုမှ ထောင့်စေ့အောင် မလုပ်နိုင်ကြဘူး။ ကလေးတွေကများတော့ တစ်ခါတစ်ခါလည်း အခက်အခဲလေးတွေရှိတယ်’’ဟု မြောင်းမြမြို့နယ်မှ မူလတန်းပြဆရာမ ဒေါ်ထက်ထက်ကပြောသည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမသုံးသိန်းကျော် တာဝန်ထမ်းဆောင်လျက်ရှိပြီး ထပ်မံ၍ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက် လစ်လပ်နေသည့် ဆရာ၊ ဆရာမနေရာများအတွက် ဆရာ၊ ဆရာမများ ခန့်အပ်ခြင်း၊ နေ့စားလပေးဆရာများ ခေါ်ယူတာဝန်ခန့်အပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးမြင့်မားရေးအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း မူလတန်းအဆင့် ဆရာ၊ ဆရာမများကို ကလေးဗဟိုပြုချဉ်းကပ်မှုဆိုင်ရာ သင်ကြားနည်းစနစ်(Child Center Approach-CCA) သင်တန်းများကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ယင်းသင်တန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်ဟူ၍ သတ်မှတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာဇော်မင်းအောင်ကပြောသည်။

ပညာရေးကဏ္ဍအတွက် နိုင်ငံတော်အစိုးရက တစ်နှစ်ထက်တစ်နှစ် အသုံးစရိတ်တိုးမြှင့်လာသော်လည်း ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ အခြေခံနှင့် အဆင့်မြင့်ပညာရေးမြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း လူတိုင်းပညာသင်နိုင်ရေးအတွက် အခမဲ့သင်ကြားပေးမှုကို တိုးချဲ့ရန်၊ သင်ရိုးများပြင်ဆင်ရန်၊ ဆရာ၊ ကျောင်းသားအချိုး ညီမျှအောင် ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ရေတို၊ ရေရှည်အတွက် စဉ်းစားကာ မူဝါဒချမှတ်ဆောင်ရွက်ပြီး မကြာခဏ မူဝါဒစမ်းသပ်ခြင်းမျိုး မပြုလုပ်ရန်လိုအပ်ကြောင်း ပညာရှင်များက အကြံပြုထားကြသည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...