
ကချင်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်ကြစဉ်က မြင်ကွင်းတစ်ခု။
ဓာတ်ပုံ – သက်ဦးမောင်
လူမျိုးမရွေး၊ ဘာသာမရွေးမည်သူ့ကိုမဆို အတိဒုက္ခပေးနိုင်သည့်အရာတွင် အမုန်းတရားလည်း ပါ၏။ အကြမ်းဖက်မှုလည်း ပါ၏။ စစ်ပွဲလည်း ပါ၏။
အမုန်းတွေ ရပ်ပစ်
မြန်မာတွင် ယုံကြည်သက်ဝင်မှုတို့သည် အစုစုရှိကြသည်။ အသွေးအရောင်တို့သည်လည်း အထွေထွေ အပြားပြား ရှိကြကုန်သည်။ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများသည်လည်း ရောင်စုံပန်းများအလား စုံလင်များပြား သည်။ နို့နှင့် ပျားရည်စီးသော ခါနန်ပြည်သည် မြန်မာပြည်တွင် ရှိသည်။ သို့နှင့်တိုင် ပန်းပေါင်းတစ်ရာကျော်ပွင့် နေသော ရေခံမြေခံတွင် တစ်ခါတစ်ရံ ပန်းခုတ်ပွဲတွေကတစ်စခန်းထလေ့ ရှိသည်။ ထိုသို့သော ပန်းခုတ်ပွဲတွင် အမုန်းတရားသည် အမျိုးသားရေးဝါဒ၊ အမျိုး၊ ဘာသာ၊ သာသနာဟူသော မျက်နှာဖုံးကို ခန့်ညားတည်ကြည်စွာ တပ်ဆင်ဝတ်ဆင်လေ့ရှိသည်။ အမုန်းတရားသည် လွှမ်းမိုးကြီးစိုးနေသည့် လူမှုအုပ်စုတွင် မင်းမူကြီးစိုးလိုသည့် အခါတိုင်း အမျိုးသားရေးဝါဒတံခါးပေါက်မှ ဝင်ရောက်လာတတ်သည်။ ထိုအမျိုးသားရေးဝါဒဟူသည့် ခေါင်းစဉ် အောက်တွင် အမျိုးအနွယ်ဖြစ်ခြင်းလည်းပါ၏။ ဘာသာယဉ်ကျေးမှုလည်း ပါဝင်၏။ သာသနာတော်ကိုစောင့် ထိန်းရမည်ဟူသော မစ်ရှင်လည်း မလွဲမသွေပါဝင်၏။
တစ်ခါတစ်ရံ မွန်မြတ်သန့်စင်သော အထွတ်အမြတ်ထားစရာဖြစ်သည့် ယုံကြည်မှုတန်ဖိုးတို့သည်
သွေးစွန်းစေသည့်ဖြစ်ရပ်ဖြစ်စဉ်များအတွက် ဇာစ်မြစ်များ ဖြစ်နေတတ်သည်။
အမုန်းတရားကြောင့် မြစ်ဖျားခံဖြစ်ပေါ်လာသည့် အကြမ်းဖက်မှု၊ ပဋိပက္ခတို့သည် အရပ်သားအစိုးရ လက်ထက်တွင်မှ ပေါ်ပေါက်လာခြင်းမဟုတ်။ ခေတ်စနစ်တစ်ခုကို ကျင့်သုံးသည့်ကာလစဉ်တိုင်းတွင် ထိုထို သော အကြမ်းဖက်မှု၊ ပဋိပက္ခတို့သည် ဖြစ်ခဲ့၊ ပျက်ခဲ့သည်သာ ဖြစ်သည်။ ထိုသို့သော
ဖြစ်ရပ်ဖြစ်စဉ်များ ပေါ်ပေါက်လာတိုင်း အုပ်စိုးသူတို့၏နိုင်ငံရေးအောက်လမ်း အစီအရင်လက်ရာများဖြစ်သည်ဟူသော မရိုးနိုင် အောင် ယိုးမယ်ဖွဲ့ပြီး ဇာချဲ့လေ့ရှိသည်။ မျက်မှောက်တွင် ဖြစ်ပျက်နေသော အရှိတရားကို လက်ခံရန် စိတ္တ သတ္တိချို့တဲ့ နိမ့်ပါးသည့် လူမှုအုပ်စုအတွက် အထက်ပါ စွပ်စွဲချက်တို့သည် လက်စွဲစကားဖြစ်ကောင်းဖြစ်နိုင် သည်။ ညွှန်းဆိုခဲ့သော အရှိတရားဟူသည် လူမှုအုပ်စုဘက်အသီးသီးတွင် ရန်/ငါ ခွဲခြားခြင်းသည် အနုအရင့် အလိုက် ရှိနေခြင်း၊ အိမ်ရှင်နှင့်ဧည့်သည်ဟူသော ခွဲခြားသတ်မှတ်မှုတို့ပင်ဖြစ်သည်။
အနီးစပ်ဆုံးသမိုင်းကို နောက်ကြောင်းပြန်ကြည့်လျှင် တစ်ပါတီအာဏာရှင်စနစ်အုပ်စိုးသည့် ခေတ် တွင်ပင် တရုတ်-မြန်မာ အရေးအခင်းဖြစ်ခဲ့သည်။ စစ်အာဏာရှင်စနစ် မင်းမူသည့် ခေတ်ကာလတွင်လည်း မတူညီသော ဘာသာရေးနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုပဋိပက္ခများဖြစ်ခဲ့သည်။ ယခု အရပ်သားအစိုးရ လက်ထက်တွင်လည်းအကြမ်းဖက်မှုပဋိပက္ခများက စီးရီးလိုက် ဖြစ်ပျက်ခဲ့သည်။
ရန်ပွဲများ တန့်ရပ်
ချစ်သူရည်းစား အချင်းချင်းပင်သတ်ဖြတ်သည့် သတင်းများ ပေါ်ထွက်လာသည့် ခေတ်သည်ကျွန်တော် တို့ခေတ် ဖြစ်သည်။ ဘာသာတူအချင်းချင်းပင် ရန်ငြိုးရန်စ မရှိဘဲသတ်ဖြတ်သည့် မှုခင်းဖြစ်စဉ်များပေါ်ပေါက် သည့် ခေတ်သည် ကျွန်တော်တို့ခေတ် ဖြစ်သည်။ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုသည် ကျွန်တော်တို့ခေတ်၏ ဝိသေသဖြစ်သည်။
မကြာသေးမီက မီဒီယာသတင်းစာမျက်နှာတွင် မျက်နှာဖုံးသတင်းအဖြစ် ခန့်ထည်စွာ နေရာယူလိုက်
သေးသည်။ခေတ် တစ်ခေတ်မှတစ်ခေတ်သို့ အကူးအပြောင်း၊ စနစ်ဟောင်းမှ အခွာ၊ စနစ်သစ်သို့ အကူးဖြတ် သန်းနေကြရသော ကာလစဉ်တွင် အဘယ်ကြောင့် လူသတ်မှု၊ လူသေမှု၊ သေကြောင်း ကြံစည်မှု၊ခိုက်ရန် ဖြစ်ပွားမှုများ ထွန်းပေါက်နေရသနည်း။
ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် ရန်လိုသောလူ့အဖွဲ့အစည်းဖြစ်နေပြီလော။ထွက်ပေါက်
ပိတ်နေ သော လူ့အဖွဲ့အစည်း ဖြစ်နေပြီလော။ ဆင်းရဲမွဲတေမှုဖြင့် အသားကျနေသော လူ့အဖွဲ့အစည်းဖြစ်ပြီလော။ ရန်ပွဲများ တန့်ရပ်ဖို့သည် တစ်ဦးချင်းတွင်ပါ တာဝန်ရှိသလို သက်ဆိုင်ရာ လူမှုအုပ်စု အသီးသီးတွင်ရာနှုန်းပြည့် တာဝန်ရှိပါသည်။
စစ်ပွဲများ မျိုးသုဉ်းစေ
စစ်ပွဲ၏ အဓိကရုဏ်းကို လူတိုင်းမနှစ်သက်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ စစ်ပွဲကို အမုန်းတီးဆုံးသော သူတို့မှာ စစ်သားများဖြစ်သလို စစ်ပွဲကို ခုံခုံမင်မင်ရှိလှသည်မှာလည်းစစ်သားများပင် ဖြစ်သည်။ စစ်၏ဘေး ဒုက္ခကို နဖူးတွေ့ ဒူးတွေ့ရှိလှသူတို့မှာ စစ်သားများကိုယ်တိုင်ပင်ဖြစ်သည်။ မြန်မာတို့အတွက် စစ်ပွဲဟူသည် သိပ်အစိမ်းကြီးတော့မဟုတ်ပေ။သူရဲကောင်းကိုးကွယ်သည့်အစဉ်အလာလေးရှိသည့် နိုင်ငံအတွက်
သူရဲကောင်း တို့မွေးထုတ်ပေးရာ စစ်ပွဲဟူသည် ကြိုဆိုအပ်သောအရာပင် ဖြစ်လို့နေတတ်သည်။
ယခုအထိ ပြည်တွင်းစစ် တာအရှည်ဆုံးနေရာကို ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံအဖို့ စစ်ပွဲကို အဘယ်ကြောင့် တန့်ရပ်မနိုင်သနည်းဟူသောမေးခွန်းက စူးထောက်စရာပင်ဖြစ်သည်။ လောက်
လောက်လားလား ဖြေဆိုစရာ မရှိသည့်တိုင် အဆိုပါမေးခွန်းသည် ချိန်ခါသင့်တိုင်းမေးမြန်းစူးစမ်းရန် သင့်လှသည်။
ပဒေသရာဇ်စနစ် ကျဆုံးပြီးခေတ်သစ်နိုင်ငံရေးစနစ်ကို စတင်မိတ်ဆက်ပေးခဲ့သော ကိုလိုနီခေတ်မှ စတင်ပြီး မြန်မာတို့သည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကိုဒုတိယကမ္ဘာစစ်ပွဲကြီးကို ကျွဲကူး ရေပါ ဆင်နွှဲခဲ့ကြသည်။ သခင်ပေါက်စ၊ မြန်မာ့နိုင်ငံရေးသမားများသည်သေနတ်၏ အရသာ၊ သေနတ်၏ပါဝါကို ခုံမင်သွားကြသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ပွဲက စတင်သည်။ တရုတ်ဖြူကျူးကျော်မှုကိုလည်း ရင်ဆိုင်ဖြေရှင်း ခဲ့ရသည်။ ကွန်မြူနစ်ဝါဒအခြေခံလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းနှင့်လည်း စစ်ခင်းရသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်းစစ်အားပြိုင်ခဲ့ရသည်။ ပြည်တွင်းစစ် ဘောင်ကျယ်လာ၍ ဒီမိုကရေစီ ဘောင်ကျုံ့လာသည်ဟု ပြောဆိုသတ်မှတ်ရသည်အထိ ဖြစ်လာခဲ့သည်။
ဗကပအရှေ့မြောက် ဗျူရိုသည်သဘောတရားရေးရာကြောင့်လည်းဖြစ်သလို ဥက္ကဋ္ဌကြီးမော်၏ သြဇာ နယ်ပယ် ချဲ့ထွင်လိုမှုကြောင့်လည်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အားပြိုင်ရ ခြင်းမှာ ကနဦးတွင် ခွဲထွက်လိုခြင်း၊ နောင်တွင် ဖက်ဒရယ် ပြည်ထောင်စု ဟူသော ခေါင်းစဉ်ဖြင့်အာဏာ ခွဲဝေရေး စသည်တို့သည်ဇာစ်မြစ်ဖြစ်လာသည်။
စစ်ပွဲများ၏ ဇာစ်မြစ်သည် တစ်ဆင့်ပြီးတစ်ဆင့် ပုံသဏ္ဌာန်ရောအနှစ်သာရပါ ပြောင်းလဲလာခဲ့သည်။ ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်တော်လှန်ကြသော တိုက်ပွဲစဉ်များလည်း ရှိခဲ့သည်။ အုပ်စိုးသူ အဆက်ဆက်၊ တော်လှန်သူအဆက်ဆက်၊ ကျူးကျော်တိုက်ခိုက်သူများနှင့် ပါဝင်စွက်ဖက်လိုသူများအဆက် ဆက်ကို ချိန်ဆကြည့်လျှင် စစ်ပွဲများအဆက်ဆက်၏ အနှစ်သာရ၊ ပန်းတိုင်တို့သည် သိမ်မွေ့စွာ ပြောင်းလဲ လာသည်ကို တွေ့ရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲစဉ်များအတောမသတ်နိုင်အောင် ကျင်းပယူနေရသော မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် လမ်းခရီးကလည်းနိုင်ငံရေး ကြိုက်ဈေးမရသေးသ၍စစ်ပွဲများက အချိန်မရွေး ထပ်မံပေါ် ပေါက်လာဖွယ် ရှိပါသည်။ စစ်ပွဲသို့မဟုတ် ပြည်တွင်းစစ်ပွဲဟူသည်ပြည်တွင်း လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ ပါဝါရေချိန်၊ အတက်အကျ၊ အပြောင်းအလဲကို ပိုင်းဖြတ်နိုင်သောပြယုဂ်တစ်ခုပင် ဖြစ်သည်။
ကွန်မြူနစ်ပါတီနှင့် ကွန်မြူနစ်သဘောတရားများ မှေးမှိန်သွားပြီးနောက်ပိုင်း ဗကပနှင့် ဆင်နွှဲအားပြိုင် ရသော စစ်ပွဲများသည် ဆုံးခန်းတိုင်သွားပြီဖြစ်သည်။ ကိုလိုနီစနစ် တိမ်းပါးသွားသည့်နောက်ပိုင်း အမျိုးသား လွတ်မြောက်ရေးစစ်ပွဲ၊ တိုက်ပွဲစဉ်တို့သည် မရှိတော့။ ယခင်က ခွဲထွက်ရေး အိပ်မက်ကြီးကြီး တစ်ခုကြောင့် စစ်ခင်းခဲ့ရသည့် အစဉ်အလာများကလည်း ဇာတ်မြုပ်သွားပြီဖြစ်သည်။ ယခုအခါ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်ရေးအတွက် စစ်ပွဲသည် ကြားခံအဖြစ် အသုံးတော်ခံနေဆဲ၊ တစ်ပြိုင်နက်တည်းမှာပင် ဆွေးနွေး ပွဲများသည်လည်း အသုံးတော်ခံနေဆဲပင်ဖြစ်သည်။
နိုင်ငံရေးဒိုင်ယာလော့ခ်၊ နိုင်ငံရေးဆွေးနွေးပွဲတော်ကြီး များကလည်း မနက်ဖြန်၊ သဘက်ခါ ကျင်းပတော့ မယောင်စိုင်းပြင်းနေကြသည်။
စစ်ပွဲများသည် မြန်မာပြည်တွင်သက်တော်ရှည်နေဆဲ၊ စစ်ပွဲများ၏ကျန်းမာရေးကလည်း ဒေါင်ဒေါင်
မြည်နေဆဲ ဖြစ်သည်။ မြန်မာတွင်ယခုမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲစဉ်များပြုလုပ်ခြင်းတော့ မဟုတ်။ ပါလီမန် ဒီမိုကရေစီခေတ်မှသည် တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအလယ်၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆုံး၊ ထိုမှ ယနေ့ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်အထိ ငြိမ်းချမ်းရေးဆွေးနွေး
ပွဲစဉ်သည် အတော မသတ်နိုင်သေး။ စစ်ပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများက Calendar ကျသည့်အသွင်နှင့် ဆင်တူသည်။
တစ်ပြည်လုံး အမုန်းတွေ ရပ်စေချင်သည်။ ကောင်းပါသည်။ တစ်ပြည်လုံး ရန်ပွဲတွေရပ်စေချင် ကြပါသည်။ ကောင်းမွန်ပါသည်။ တစ်ပြည်လုံးစစ်ပွဲတွေ ရပ်ပစ်စေချင်ကြပါသည်။ ကောင်းမွန်လှပါသည်။ အမုန်းဇာတ်မှသည် အချစ်ဇာတ်၊ ရန်ပွဲမှသည်အချစ်ပွဲ၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ရှေးရှုရေးသည် ထိုထိုဖြစ်ပေါ်စေသော ဇာစ်မြစ်များကို ဖော်ထုတ်နိုင်ပါမှ၊ ထိုဇာစ်မြစ်များကို အသွင်ပြောင်းယူနိုင်ပါမှ ဖြစ်တန်ဖွယ်ရာသော မျှော်လင့်ချက်လင်းရောင်ခြည်ကို မြင်ဖွယ်ရှိပါသည်။
ကိုဇန်
0 comments:
Post a Comment