
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အောင်ဘာလေကျေးရွာ အနီး တွင် ကာကင်းအဖွဲ့များထားရှိ လှုပ်ရှားနေသော KIA အဖွဲ့ ၀င်များအား ပြောင်းရွှေ့ပေးရန် အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားကာ အစိုးရတပ်မှ သတိပေးထားသော်လည်း KIA က ငြင်းဆန်လိုက်ကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးကိစ္စများတွင် KIA အဖွဲ့မှ ၀င်ရောက် စွက်ဖက်မှုများရှိနေ၍ အောင်ဘာလေကျေးရွာအနီးတွင် လှုပ်ရှား နေသော တပ်ဖွဲ့ဝင်များအား တပ်ရင်း (၆) ဌာနချုပ်သို့ ပြောင်း ရွှေ့ခိုင်းသော်လည်း ဗဟိုဌာနချုပ်လိုင်ဇာမှ ခွင့်ပြုချက်မပေးဘဲ ဆက်လက်နေ ထိုင် ခိုင်းခြင်းဖြစ်ကြောင်း KIA ဘက်က တုန့်ပြန် ထား သည်။
“ ရွာသူရွာသားတွေကိုတော့ ဆက်ပြီးနေခွင့်ပြုပါတယ်၊ KIA အဖွဲ့ဝင်တွေ လှုပ်ရှားနေတာဟာ ပုံမှန်မဟုတ်ဘဲ ကျောက် မျက် ကုမ္ပဏီတွေ ၊ ဒေသခံတွေ ဆီကနေ ဆက်ကြေးကောက်ဖို့ ရောက်နေတာဖြစ်လို့ သူတို့နေတဲ့ တပ်ရင်းကို ပြန်ခိုင်းတာပါ ” ဟု ဖားကန့်အခြေစိုက် အစိုးရတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။
KIA တပ်ရင်း (၆) တပ်စွဲထားသော ဥရုချောင်းအတွင်း၌ လွန်ခဲ့သော ၂ ရက်ခန့်က ကံဆီးကျေးရွာနေ လူငယ် ၃ ဦး သားငါး ရှာဖွေစဉ် KIA အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KIA အဖွဲ့မှ အစိုးရတပ်၏ သတိပေးမှုကို ငြင်းဆန်လိုက်ခြင်းကြောင့် ဥရုချောင်းဝန်းကျင်ရှိ ကံဆီးခေါ၊ ဆိုင်းငိုင်၊ အောင်ဘာလေ၊ ပေါက်ဆာဆီး၊ ကံဆီး ရွာကြီးများ၌ နေထိုင်သော ဒေသခံများသည် တိုက်ပွဲများပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦး က ပြောသည်။
မြို့နယ်အုပ်ချုပ်ရေး ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ ကျောက်မျက် ကုမ္ပဏီများအား ဆင့်ခေါ်စာများဖြင့် ဆက်ကြေး ကောက်ခံခြင်း၊ တပိုင်တနိုင် ရေမဆေးကျောက်ရှာဖွေသူများအား ငွေတောင်းခံခြင်းတို့ကြောင့် KIA အဖွဲ့အား ပြောင်းရွှေ့ ခိုင်းခြင်းဖြစ်ပြီး ငြင်းဆန်လိုက်သော KIA အဖွဲ့ကြောင့် ဒေသခံများ၏ လူနေမှု ဘ၀ စိုးရိမ်စရာဖြစ်လာကြောင်း ဖားကန့်မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၄
ထွန်းနေအောင် (ဖားကန့်)
0 comments:
Post a Comment