ကိုဘာနီမြို့အတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မီးခိုးလုံးကြီးများ တက်လာစဉ်
မြို့ခံ ကာ့ဒ်စစ်သွေးကြွများ၏ ရွပ်ရွပ်ချွံချွံ ခုခံမှုနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုတို့ကြောင့် စစ်ရေးအရှိန်အဟုန် ကျဆင်းသွားသော်လည်း ယခုအခါ ကိုဘာနီမြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့က နောက်ထပ် ထိုးစစ်အသစ် တစ်ရပ် ဆင်နွှဲ တိုက်ခိုက်နေကြောင်း သိရသည်။
ကိုဘာနီမြို့နှင့် အနီးတဝိုက်ရှိ ကာ့ဒ်တပ်ဖွဲ့များကို စစ်လက်နက်နှင့် ခဲယမ်းများ လေထီးဖြင့် ချပေးခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပြီးနောက် အောက်တိုဘာ (၂၀)ရက် ညပိုင်းတွင် IS တပ်ဖွဲ့က ထိုးစစ်အသစ်တစ်ရပ် စတင်လာခြင်း ဖြစ်သည်။
“စစ်သွေးကြွတွေက မြို့ကို အရပ်မျက်နှာ အဘက်ဘက်ကနေ လုပ်ကြံ တိုက်ခိုက်နေပါတယ်”ဟု ဆီးရီယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ရာမီအက်ဘ်ဒဲလ် ရာဟ်မန်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကိုဘာနီမြို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။
တူရကီနှင့် နယ်စပ်အနီးရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့သည် မဟာဗျူဟာအရ အရေးပါသည့် နေရာတွင် တည်ရှိနေပြီး IS တပ်ဖွဲ့က လက်ရသိမ်းယူရန် လအတန်ကြာ ကတည်းက ကြိုးပမ်းနေခဲ့သည်။ အစောပိုင်းက IS တပ်ဖွဲ့သည် မြို့၏ အစိတ်အပိုင်း အချို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ကာ့ဒ်တပ်ဖွဲ့များ၏ တွန်းလှန်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်။ ယခုအခါ နောက်ထပ် ထိုးစစ်တစ်ရပ်ကို IS အနေဖြင့် အစပြုလာခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ (၂၀)ရက် နံနက်ပိုင်းက ကိုဘာနီ မြောက်ပိုင်းတွင် IS တပ်ဖွဲ့၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားပြီး နောက်ဆက်တွဲအဖြစ် ထိုးစစ်ဆင်မှု စတင်လာခြင်း ဖြစ်သည်။ တူရကီသည် ကာ့ဒ်အလုပ်သမား ပါတီ (PKK) သူပုန်အဖွဲ့နှင့် ကာလရှည်ကြာ စစ်မက်ဖြစ်ပွားနေသော်လည်း အီရတ်ရှိ ကာ့ဒ်အနွယ်များကို အကူအညီ ပေးမည်ဟု ကတိပြုထားသည်။
သို့သော်လည်း ဆီးရီးယားရှိ ကာ့ဒ်များကိုမူ တူရကီက တိုက်ရိုက်ထောက်ပံ့မည် မဟုတ်ဟု ဆိုသည်။ ထို့ကြောင့် အီရတ် အခြေစိုက် ကာ့ဒ်များက အမေရိကန်၏ အကူအညီဖြင့် ဆီးရီးယားမှ ကာ့ဒ်တပ်ဖွဲ့များထံသို့ လက်နက်များ ထပ်ဆင့် တင်ပို့ပေးနေရခြင်း ဖြစ်သည်။
Ref: Channelnewsasia

7 Day Daily
0 comments:
Post a Comment