Thursday, September 18, 2014

ဆူဇူကီးဖလားခြေစစ်ပွဲ မြန်မာအသင်းယှဉ်ပြိုင်မည်


နေပြည်တော် စက်တင်ဘာ ၁၇

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ပြိုင်ပွဲများအနက်မှ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ အသင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည် ဖြစ်ပြီး ခြေစစ်ပွဲများကို အောက်တိုဘာ ၁၀ ရက်မှ ၂၀ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ အသင်းမှာ ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအောက်ဆုံးအဆင့်မှ ထွက်ခဲ့ရသောကြောင့် ယခုပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်မှ စတင်ကစားခဲ့ရခြင်းဖြစ်သည်။

ခြေစစ်ပွဲကို မြန်မာအသင်းနှင့်အတူ အိမ်ရှင်လာအို၊ တီမော၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ ငါးသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ ပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၄ ရက်တွင် တီမောအသင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ဘရူနိုင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ အောက်တိုဘာ ၂၀ ရက်တွင် လာအို အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းမှာ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုများ ခေတ္တရပ်နားထားပြီး စက်တင်ဘာ ၂၉ ရက်မှသာ ခြေစစ်ပွဲအတွက် စတင်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာအသင်း နည်းပြချုပ် အေဗရာမိုဗစ်သည် ဖိလစ်ပိုင်ဖိတ် ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် အသင်းကို အခြေခံကာ ဖွဲ့စည်း မည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရေး ပြင်ဆင် သွားမည်ဖြစ်သည်။ ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး မြန်မာအသင်းမှာ ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း။

သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...