Thursday, October 16, 2014

အများပြည်သူသုံး တယ်လီဖုန်း (PCO) များ ပြန်လည်အပ်နှံမှု များပြား၍ ပျောက်ကွယ်သွားနိုင်






တစ်ချိန်က အရေးပါခဲ့သည့် အများပြည်သူသုံး PCO ဖုန်းများကဏ္ဍ မှေးမှိန်လာခဲ့
မန္တလေး ၊ ၁၅-၁၀-၂၀၁၄

မြန်မာနိုင်ငံတွင် မြန်မာ့ ဆက်သွယ်ရေး (MPT) အပြင် ပြည်ပ ဆက်သွယ်ရေး ဝန်ဆောင်မှု ဖြစ်သည့် တယ်လီနော နှင့် အော်ရီဒူးတို့ ဝင်ရောက်လာပြီး ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ ဈေးကွက် ယှဉ်ပြိုင် ရောင်းချပေး နေမှုများကြောင့် မန္တလေး တိုင်း ဒေသကြီး အတွင်းရှိ အများ ပြည်သူသုံး တယ်လီဖုန်းများ (PCO) ကို အသုံးပြုသူ နည်းပါးလာပြီး ၂ဝ၁၄ ခုနှစ်အတွင်း ပြန်လည် အပ်နှံမှု များပြား လာကြောင်း မြန်မာ့ ဆက်သွယ် ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အများပြည်သူ ဆက်သွယ်ရေး လွယ်ကူစေရန် နှင့် လွတ်လပ်စွာ အသုံးပြုနိုင်ရန် ၂ဝဝ၂ ခုနှစ်က ရန်ကုန်တိုင်း ဒေသကြီးတွင် အများ ပြည်သူသုံး တယ်လီဖုန်းများ စတင် ချထား ပေးခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးတွင် ၂ဝဝ၅ ခုနှစ် မတ်လမှ စတင်၍ အများ ပြည်သူသုံး တယ်လီဖုန်း အလုံးရေ ၅ဝဝ ချထား ပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ဖုန်းအလုံးရေ ၁၆၈၂ လုံး ချထား ပေးခဲ့ပြီး မန္တလေး ခရိုင်အတွင်း ဖုန်းအလုံးရေ ၁ဝ၂၈ လုံး ချထား ပေးခဲ့သည်။ လက်ရှိ ၂ဝ၁၄ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ဖုန်းအလုံးရေ ၁၃၆၈ လုံးရှိပြီး မန္တလေး ခရိုင်အတွင်း ဖုန်းအလုံးရေ ၈၄၄ လုံး ကျန်ရှိ နေဆဲ ဖြစ်သည်။

မန္တလေးမြို့၏ အထင်ကရ နေရာများ၊ ဘူတာရုံများ၊ ကားဂိတ်များ စသည့် သွားလာမှု များပြားသည့် နေရာများတွင် လွယ်ကူစွာ အသုံးပြု နိုင်ရန် ချထား ပေးခဲ့ပြီး အများ ပြည်သူသုံး တယ်လီဖုန်း နေရာတစ်ခုလျှင် နေ့စား လူတစ်ဦး ငှားရမ်း လုပ်ကိုင်ခဲ့ရာ ဖုန်းစတင် ချထားပေးသည့် ၂ဝဝ၂ ခုနှစ်မှ စတင်၍ ယနေ့ အချိန်ထိ နေ့စားခ အဖြစ် တစ်ဦးလျှင် ငွေကျပ် ၁ဝဝ ပေးခဲ့သည်။ ယခင် ဖုန်းစတင် ချထား ပေးစဉ်က တစ်လလျှင် ဖုန်းဘီလ် ငွေကျပ် တစ်သိန်း ဆောင်ခဲ့ရာမှ လက်ရှိ ယနေ့ အချိန်တွင် တစ်လလျှင် ငွေကျပ် ငါးသောင်း အောက် ဖုန်းဘီလ် ဆောင်နေရပြီး လာမည့်နှစ် များတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထား ပေးသည့် အများ ပြည်သူသုံး တယ်လီဖုန်းများ ဈေးကွက် ပျောက်ကွယ် သွားနိုင် ဖွယ်ရှိသည်။

''ယခုနှစ် အတွင်း ဖုန်းလာအပ် တာတွေများ လာပါတယ်။ (PCO) တွေ အသုံးပြုတာ နည်းလာတဲ့ အတွက် နေ့စားခ တိုးမြှင့်ပေးဖို့ မရှိပါဘူး၊ အဲဒီ ဖုန်းတွေကို တဖြည်းဖြည်း နဲ့တော့ ပြန်သိမ်း နေပါပြီ ... ''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ယခင်က ဖုန်းဈေးကြီး ခြင်းကြောင့် ဖုန်းကိုင်နိုင်သူ နည်းပါးခဲ့ပြီး ယခုအခါ လူတိုင်း ဖုန်းကိုင်နိုင်ရန် ဈေးနှုန်း သင့်တင့်စွာ ဖုန်း ဆင်းကတ်များ ချထား ပေးသဖြင့် ဖုန်းဆက်သူ နည်းပါး လာပြီး နေ့စား လုပ်ကိုင်သူ များမှာ စီးပွားရေး အခက်အခဲဖြင့် ရင်ဆိုင် နေရသည်။ ယခင်က စီးပွားရေး လုပ်ငန်းများနှင့် အရောင်း အဝယ်များ လုပ်ရာတွင် ရပ်ကွက်အတွင်း နီးစပ်ရာ(PCO) ဖုန်းနံပါတ် များပေး၍ အရောင်းအဝယ် ပြုလုပ် ခဲ့ချိန်တွင် ဖုန်းလာကြောင်း ခေါ်ပေး၊ အကြောင်းကြား ပေးလျှင် ဝန်ဆောင်ခ ရရှိသဖြင့် (PCO)နေ့စား သမားများ စီးပွားရေး ပြေလည် ခဲ့ကြခြင်း ဖြစ်သည်။

''အခုထိ ဆက်လက် လုပ်ကိုင် နေတာက လာမယ့်နှစ်မှာ လစာတိုးမယ် ထင်လို့ပါ၊ အခုနှစ် အတွင်း စီးပွားရေး သိပ်မကောင်းဘူး၊ နယ်က တက်လာတဲ့ သူတွေသာ ဖုန်းဆက် ကြတော့တာ၊ မြို့ပေါ်က လူတွေက (PCO) မှာ လာမဆက် တော့ပါဘူး၊ လက်ရှိ ကျွန်တော်တို့ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေကြရပါတယ် ... '' ဟု မန္တလေးခရိုင် အတွင်း (PCO) နေ့စား လုပ်သားတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် (PCO) အထိုင်ဖုန်းများ လာမည့်နှစ်တွင် ပျောက်ကွယ် လာနိုင်ဖွယ် ရှိနေ၍ မန္တလေး ဖုန်းဈေးကွက် အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငွေကျပ် ၁၅ဝဝ တန် တန်ဖိုးနည်း ဖုန်းဆင်းကတ် ဖြင့် ဈေးကွက် ထိုးဖောက်မှုများ ရှိနေပြီး လက်ရှိ အချိန်တွင် ဈေးကွက် ထိန်းချုပ်မှု အားနည်းခြင်း ကြောင့် ဈေးကွက်အတွင်း ဈေးမြင့်တက် မှုများ ရှိနေ၍ မြန်မာ့ ဆက်သွယ်ရေး မှ တန်ဖိုးနည်း ဆင်းကတ်များ မန္တလေး ဖုန်းဈေးကွက် တွင် အရောင်း ရပ်ဆိုင်း ခဲ့သော်လည်း ယခုအခါ MEC CDMA လိုင်းကတ်များ ပြန်လည် ရောင်းချ ပေးနေကြောင်း သိရသည်။

သူရိန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...