Monday, August 11, 2014

မီဒီယာသမား များအား ကူညီပေးနိုင်ရန် Myanmar Reporter Association အဖွဲ့ ထူထောင်မည်


ပြည်တွင်းရှိ သတင်းထောက်များကို အကူအညီပေး နိုင်ရန် မီဒီယာသမား များဖြင့်သာ ပူးပေါင်းဖွဲ့စည်းမည့် Myanmar Reporter Association အဖွဲ့အစည်း တစ်ခုအား တရားဝင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့မှ မရွှေမှုံ (သမဂ္ဂဂျာနယ် သတင်းထောက်ချုပ်) ကပြောသည်။
အဆိုပါအဖွဲ့အား တရားဝင် ထူထောင်ဖွဲ့ စည်းနိုင်ရန် ယခုအပတ်အတွင်း ပြည်ထဲရေး ၀န်ကြီးဌာနသို့ စာတင် သွားမည်ဖြစ်ကာ လက်ရှိတွင် ဦးဆောင်အဖွဲ့အား ပြည်တွင်းရှိ သတင်းသမား (၁၁) ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
အဓိက တည်ထောင်ဖို့ ရည်ရွယ်တာကတော့ လက်ရှိ အခြေအနေမှာလို အမှုတွေ ဖြစ်လာတဲ့ အခါတွေမှာ ကူညီပေး နိုင်အောင်လို့ပါ။ နယ်တွေမှာက ပိုဆိုးတယ်၊ ရန်ကုန်မှာလို အခြေစိုက် မဟုတ်တော့ တစ်ခုခုဆို မ၀န်းရံ ပေးနိုင်ဘူး။ အဲဒီတော့ တရားရင်ဆိုင်တဲ့ အခါမှာ သူ့အတွက် အမှန်တရားက ပျောက်ကွယ် နေတာမျိုး၊ အားငယ်တာမျိုး ဖြစ်နေတယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ၀န်းရံပြီး ကူညီပေး သွားမှာပေါ့ မရွှေမှုံက ပြောသည်။
လက်ရှိတွင် ဦးဆောင်အဖွဲ့အား သမဂ္ဂဂျာနယ်၊ DVB ၊ မဇ္ဇိမဂျာနယ်၊ ELEVEN၊ မြန်မာတိုင်းမ်နှင့် ပြည်သူ့ခေတ် ဂျာနယ်တို့မှ သတင်းထောက် များဖြင့် စတင်ဖွဲ့စည်း ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကာ မီဒီယာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း မကြာမီ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဦးဆောင်အဖွဲ့အား ဇူလိုင်လ (၁၂) ရက်နေ့က နိုင်ငံတော် သမ္မတအား ဆန္ဒပြသည်ဟု ဆိုကာ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် ခံထားရသော သတင်းထောက် များဖြင့် စတင်ဖွဲ့စည်းထားခြင်း ဖြစ်ကာ ပူးပေါင်း ပါဝင်လိုသည့် သတင်းမီဒီယာသမား များကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။
““၁၉၆၄ ခုနှစ်က ဖျက်သိမ်း ခံလိုက်ရတဲ့ BRA ဆိုတဲ့ မီဒီယာသမားတွေကို ကူညီပေးတဲ့ အဖွဲ့ကို ပြန်အသက်သွင်း မှာပါ၊ MRA ဆို ပြီး ပြန်ဖွဲ့တာပေါ့””ဟု ဦးဆောင်အဖွဲ့ဝင် မရွှေမှုံက ဆက်ပြောသည်။
အဆိုပါ အဖွဲ့အား ဖွဲ့စည်း ထူထောင်ပြီးပါ က ပြည်တွင်းရှိ သတင်းမီဒီယာ သမားများ၏ တရား ရင်ဆိုင်နေရမှုများ၊ နာရေး ထောက်ပံ့ပေးမှု များကို ကြိုးစား၍ ထောက်ပံ့ကူညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ (၁၀) ရက်နေ့မနက်က ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော သတင်းသမားများ လွတ်မြောက်ရေး၊ စတုတ္ထမဏ္ဍိုင် အသက်ရှည် အနာမဲ့ရေး တို့အတွက် ရွှေတိဂုံ ဘုရားတွင် သတင်းသမား (၁၇) ဦးမှ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ လက်ရှိတွင် ယူနတီဂျာနယ်မှ CEO အပါအ၀င် သတင်းထောက် လေးဦးအား ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခံထားရပြီး မွန်းတည့်နေ ဂျာနယ်မှ သတင်းသမား တစ်ချို့ ထိန်းသိမ်း ခံထားရသည်။

Messenger

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...