Wednesday, October 22, 2014

ပဉ္စမအကြိမ် မြန်မာ-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်း အစည်းအဝေး ကျင်းပ



မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများမြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ပိုမို လွယ်ကူစေရန် ရည်ရွယ်၍ ပဉ္စမ အကြိမ်မြောက် မြန်မာ-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်း အစည်းအဝေး (5th Myanmar-Japan Joint Initiative Meeting ) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့် ဂျပန်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း (JCCY) ဥက္ကဋ္ဌ Mr. Koji Kuroda တို့က အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ ဗီဇာနှင့် နေထိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ အတွင်း ပိုမိုကောင်းမွန်သည့် စီးပွားရေး ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ကြသည်။

ယခုညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသည့် ဂျပန်စီးပွားရေး လုပ်ငန်းများ၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေနှင့် အခက်အခဲများ၊ အကြံပြုချက်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့လာကာ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်စေရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံဘက်မှ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Tateshi HIGUCHI ဦးဆောင်သော ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ဂျပန်နိုင်ငံ ပြည်ပ ကုန်သွယ်ရေး အဖွဲ့ (JETRO)၊ဂျပန်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း (JCCY) မှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း ၁ဝဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...