Tuesday, October 21, 2014

``ကျွန်တော်တို့ ဘာလို့ ကွမ်းသွေး ဆေးခဲ့ကြတာလဲ´´´



မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ) အနေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေကို ယခုအဖြတ်အတွင်း တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ရာမှာ ကျောင်းဆောင်များကို လှည့်လည်ပြီး ကွမ်းသွေးဆေးခြင်းကလဲ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်ပါတယ်။


ကျွန်တော်တို့ ကွမ်းသွေးဆေးတဲ့အခါမှာ အားပေးထောက်ခံသံတွေ ကြားရသလို ဝေဖန်ထောက်ပြသံတွေကလဲ သောသောညံခဲ့တာကို ကျွန်တော်တို့တွေ သတိထားမိပါတယ်။

သမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ပေါ်တင်တိုက်ခိုက်တာခံရသလို ကွယ်ရာမှာ တီးတိုးလက်တို့ ပြောဆိုတာကိုလည်း ခံရပါတယ်။

သမဂ္ဂဟာ ကွမ်းသွေးဆေးရမဲ့အဖွဲ့၊ သန့်ရှင်းရေးလုပ်ရမဲ့အဖွဲ့မဟုတ်ဘူး၊ သမဂ္ဂဟာ ကျောင်းသားထုအခွင့်အရေးနဲ့ ဒီမိုကရေစီပညာရေးအတွက်သာလုပ်ရမယ် အစရှိသဖြင့် ထောက်ပြကြသလို တချို့ကျတော့လည်း ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို သန့်ရှင်းရေးလုပ်ငန်းတွေမှာ လစ်ဟင်းမှုမရှိအောင် ပြောဆိုညှိနှိုင်းပေးရမယ်လို့လဲဆိုပါတယ်။

ကျွန်တော်တို့ကတော့ ကျွန်တော်တို့အစဉ်အလာအတိုင်း သမဂ္ဂအစည်းအဝေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာသာ အားသွန်ခွန်စိုက်အလုပ်လုပ်ခဲ့ပြီး ဝေဖန်မှုတွေကို နားပဲစွင့်ခဲ့ပါတယ်။

အခုအဖြတ် စာမေးပွဲဖြေပြီး ကျောင်းပိတ်လိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ သမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်လည်သုံးသပ်တဲ့အခါမှာ ကျွန်တော်တို့ ဘာလို့ ကွမ်းသွေးဆေးခဲ့ကြတာလဲ ဆိုတာကို ရှင်းလင်းပြဖို့ လိုမယ်လို့ ယူဆတာကြောင့် အနည်းငယ် တင်ပြခွင့်ပြုပါ။

- ကျောင်းဆောင်သစ်ကြီးတွေဆောက်ထားပေမဲ့ တန်ဖိုးမထားဘဲ ကွမ်းသွေးတပျစ်ပျစ်ထွေးနေတဲ့ ကျောင်းသားတွေကို မထွေးပါနဲ့လို့ သွားတားနိုင်တဲ့ အင်အားမရှိပါဘူး။

- ကျောင်းသန့်ရှင်းရေး အချိန်မှန်ဆောင်ရွက်ဖို့ တိုက်တွန်းလို့ ရနိုင်သော်လည်း အမှန်တကယ် ကွမ်းသွေးထွေးတဲ့ ကျောင်းသားတွေရဲ့ ပါးစပ်ကို မပိတ်နိုင်ပါဘူး။

- ဒါကြောင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) အဖွဲ့ဝင်တွေအနေနဲ့ ကျောင်းဆောင်အသီးသီးမှာ ကွမ်းသွေးဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

- ဒီလိုဆုံးဖြတ်ရခြင်းအဓိက အကြောင်းအရင်းက စိတ်ဓာတ်စစ်ဆင်ရေးလို့ ပြောရင် မမှားပါဘူး။ ကျွန်တော်တို့ မျက်စိရှေ့မှောက်မှာ ကျောင်းသားတစ်ယောက် ကွမ်းသွေးထွေးလိုက်ရင် ကျွန်တော်တို့တွေက သူထွေးလိုက်တဲ့ ကွမ်းသွေးကို ချက်ချင်းဆေးကြောပါတယ်။ ပထမတစ်ကြိမ်အနေနဲ့ ကျွန်တော်တို့ကို ဟားချင် ဟားပါလိမ့်မယ်။ နောက်ပြောင်ချင် နောက်ပြောင်ပါလိမ့်မယ်။ ဒါပေမဲ့ နှစ်ကြိမ်သုံးကြိမ် ကြုံကြိုက်လာရတဲ့အခါမျိုးမှာ သူကိုယ်တိုင်က သူ့လုပ်ရပ်အပေါ် ပြန်တွေးပြီး ဆင်ခြင်နိုင်အောင် လုပ်ဆောင်လိုက်တာပါပဲ။

- ကျွန်တော်တို့ ကျောင်းသားကျောင်းသူတွေကပဲ ကွမ်းသွေးဆေးခြင်းအားဖြင့် ပထမအချက်က ညစ်ပတ်နေတဲ့ ကျောင်းဆောင်နေရာတွေမှာ သန့်ရှင်းသွားပါတယ်။

- ပိုအရေးကြီးတဲ့အချက်က ကျွန်တော်တို့ ကွမ်းသွေးဆေးနေစဉ်မှာ ကွမ်းစားတဲ့၊ ကွမ်းသွေးကို ကြုံသလိုထွေးလေ့ရှိတဲ့ ကျောင်းသားတွေနဲ့ တွေ့တဲ့အခါ ကျောင်းသားအတော်များများက ``မင်းထွေးတာ၊ ငါထွေးတာ၊ ကြည့်ဦး ဟို အကိုကြီးတွေ ကွမ်းသွေးဆေးနေရပြီ၊ ကောင်မလေးတွေ ကွမ်းသွေးဆေးနေရပြီ၊ အားနာစရာကြီး´´ အစရှိသဖြင့် အချင်းချင်းပြောဆိုနေကြတာတွေ၊ တချို့သော ကျောင်းသားကျောင်းသူများက သူတို့ကိုယ်တိုင် ၀င်ရောက်ကူညီပြီး ကွမ်းသွေးဆေးပေးတာတွေ အစရှိသဖြင့် ကြုံလာရပါတယ်။

- သို့သော်လည်းပဲ ကျွန်တော်တို့ ကွမ်းသွေးဆေးဖို့ ဆပ်ပြာဖျော်ထားတဲ့ ပုံးထဲကိုမှ ကွမ်းသွေး ပျစ်ခနဲထွေးပြီးထွက်သွားတဲ့ ကျောင်းသားလဲ ရှိပါတယ်။ ဒီလိုကျောင်းသားကိုလည်း ဒီလိုမလုပ်သင့်ကြောင်းနဲ့ ကျွန်တော်တို့ ဘာကြောင့် ကွမ်းသွေးဆေးရသလဲဆိုတာကို အေးအေးဆေးဆေးရှင်းပြခဲ့ပါတယ်။

- ကျောင်းသန့်ရှင်းရေးဝန်ထမ်းက ကွမ်းသွေးဆေးတာနဲ့ ကျောင်းသားသမဂ္ဂက ကွမ်းသွေးဆေးတာကို မြင်ရတဲ့ကျောင်းသားတွေမှာ အမြင်မတူပါဘူး။ ကျောင်းသန့်ရှင်းရေးဝန်ထမ်းဆေးနေချိန်မှာ သူတို့အတွက်မထူးခြားပေမဲ့ ကျောင်းသားသမဂ္ဂရင်ထိုးတွေနဲ့ သူတို့နဲ့ ရွယ်တူ ကျောင်းသားတွေက သန့်ရှင်းပေးနေချိန်မှာတော့ သူတို့ရဲ့ တုံ့ပြန်မှုက တစ်စုံတစ်ရာထူးခြားခဲ့ပါတယ်။

- ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့အခါမှာ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ Mindset တွေကို မပြောင်းလဲရင် နိုင်ငံက ရှေ့ကို ဘယ်လိုမှတိုးဖို့မလွယ်ကူပါဘူး။ ဒါကြောင့် ကွမ်းမထွေးနဲ့လို့ ပြောမနေတော့ဘဲ သူတို့ကွမ်းသွေးထွေးနေတဲ့အချိန်မှာ ကွမ်းသွေးဆေးပြလိုက်ခြင်းအားဖြင့် သူတို့စိတ်ဓာတ်တွေကို တဖြည်းဖြည်းနဲ့ တတ်စွမ်းသမျှ ပြုပြင်ကြည့်ခြင်းဖြစ်ပါတယ်။

- စနစ်ကို တော်လှန်လိုတဲ့အခါမှာ စနစ်အောက်မှာ အသားကျနေတဲ့ စိတ်ဓာတ်တွေကို တဖြည်းဖြည်းနဲ့ ပြောင်းလဲလာအောင် ဆောင်ရွက်ခြင်းက ရေရှည်ပြုပြင်ပြောင်းလဲမှုကို အာမခံနိုင်မှာဖြစ်ပါတယ်။

- ဆရာ ဆရာမတွေဘက်က ကြည့်မယ်ဆိုရင်လည်း ကျောင်းသားသမဂ္ဂဆိုတာ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကိစ္စမျိုးတွေ၊ ဖိနှိပ်တဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ရင်ဆိုင်တာတွေတင်မကဘဲ ကျောင်းအကျိုးအတွက်လည်း အဆင်သင့်ရှိနေတယ်ဆိုတာ သိရှိသွားစေခဲ့ပါတယ်။

- ဒါကြောင့်မို့ ဘယ်သူတွေက ဘယ်လိုဝေဖန်သည်ဖြစ်စေ၊ ဘယ်သူတွေက ဘယ်လို ရှုံ့ချသည်ဖြစ်စေ ကျွန်တော်တို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)က ကျွန်တော်တို့ ကွမ်းသွေးဆေးတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောင်တရမှာမဟုတ်သလို ဆက်လက်ပြီးတော့လည်း အလျဉ်းသင့်သလို ဆောင်ရွက်သွားဦးမှာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျား။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...