
တခါက လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လေသည်။ လုပ်ဖော်ကိုင်ဖက် များနှင့် ကုမ္ပဏီတွင် သူသည် ပညာ အရည်အချင်း အမြင့်ဆုံး ဖြစ်လေသည်။
တစ်နေ့တွင် သူသည် နားနေရာ အဆောင် နောက်ရှိ ငါးကန်တွင် ငါးသွားမျှား လေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက် နှစ်ဦးက သူ့ထက် အရင် ရောက်နှင့် နေသည်။
သူတို့နှစ်ဦးကို ခေါင်းညိတ် ပြုံးပြပြီး စိတ်ထဲတွင် "သာမန်ဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာ အကြောင်းမရှိ" ဟု စဉ်းစားမိ လေသည်။
ခဏကြာသော် လက်ယာဖက် က လူသည် ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်တွင် လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင် ရှိ စည်းရိုးခြားထား သော နားနေဆောင်ဘက် သို့ သွားကာ
အပေါ့အပါး သွားလေသည်။ ထိုလူ ရေပေါ်တွင် လမ်းလျှောက်သွား သည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာခဲ့ လေသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက်
သာတယ် ပညာပို တတ်တယ်" ဆိုပြီး မာန်မာန နှင့် မမေးခဲ့ချေ။ တအောင့်အကြာတွင် လက်ဝဲဘက်လူ ကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ လူငယ်မှာ ထိုသူတို့ကိုကြည့်ပြီး အလွန် အံ့သြမိ လေသည်။
ခဏအကြာတွင် လူငယ်မှာ အပေါ့အပါး သွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက် သွား ရမည် ဖြစ်သည်။ မိမိထက် နိမ့်သော ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင်
လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု အတွေးဝင် မိ လေသည်။
ထို့နောက် ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက် လေသည်။ လှမ်းလိုက်သည်နှင့်တပြိုင်နက် ရေထဲသို့ ပြုတ်ကျသွား လေသည်။ ဘေးက ထိုလူနှစ်ယောက်က အမြန်ဆယ်ပြီး ဘာလို့ရေထဲ ခုန်ချရသလဲ" ဟု မေးလေသည်။
ထိုအခါ လူငယ်က "ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက် နိုင်တယ်။ဘာလို့လဲဟင်" ဟု မေး လေသည်။ထိုလူနှစ်ဦးလည်း ဝါးလုံး ကွဲမတတ် ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခု ရှိပါတယ်။ ရှေ့ရက်က မိုးရွာလို့ တံတားမြုပ်သွား တာပါ။ကျွန်တော်တို့ က တံတား နေရာကို သိလို့ လျှောက်သွား နိုင်တာပါ။ ကျွန်တော်တို့ကို ဘာဖြစ်လို့ မမေးတာလဲ" ဟု ဖြေလေသည်။
ဒါကြောင့် မိမိတို့ လုပ်ငန်းခွင် နယ်ပယ် တို့တွင် မသိသော အရာများရှိပါက ရာထူး၊ဘွဲ့၊အဆင့်အတန်း......" စသည် မာန်မာနများ မထားရှိဘဲ မသိကြောင်း နားမလည် ကြောင်းကို ပြောကြားပြီး ရှင်းလင်း ပြသမှုများ အား ရိုကျိုးစွာ လိုက်နာမှတ်သားခြင်းဖြင့် အမှန်တကယ် အရည်အချင်း ပြည့်ဝသူတစ်ဦး ဖြစ်လာမည်မဟုတ်ပါလား။ ။
Credit - Original Writer
(The Express Times)
0 comments:
Post a Comment