Thursday, October 23, 2014

ကာ့ဒ်တို့ကို ထောက်ပံ့သည့် စစ်လက်နက်များ IS လက်ထဲ ကျရောက်မှု စစ်ဆေးမည်ဟု အမေရိကန်ပြောကြား





ကိုဘာနီမြို့ရှိ ကာ့ဒ် တိုက်ခိုက်ရေးသမားများထံ မိမိတို့ လေကြောင်းမှ ထောက်ပံ့ပေးသည့် စစ်လက်နက်များကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က သိမ်းဆည်း ရရှိသွားကြောင်း သတင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု အမေရိကန် စစ်ဘက်က ပြောကြားခဲ့သည်။

တူရကီနှင့် နယ်စပ်အနီးရှိ ဆီးရီးယားပိုင် ကိုဘာနီမြို့ကို ဝန်းရံတိုက်ခိုက်နေသည့် IS တပ်ဖွဲ့များက လေထီးဖြင့် ချပေးသည့် လက်နက်သေတ္တာ တစ်ခုကို စစ်ဆေးနေပုံ ဗီဒီယိုအား ၎င်းတို့၏ သစ္စာတော်ခံ မီဒီယာတစ်ခုက လွှင့်တင်ခဲ့သည်။ အဆိုပါ လက်နက်များကို ကိုဘာနီမြို့ အတွင်းရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများထံ အမေရိကန်က ထောက်ပံ့ပေးခြင်း ဖြစ်သော်လည်း IS အဖွဲ့က ကြားဖြတ် ရယူလိုက်ခြင်းဟုလည်း ဆိုသည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း IS အနေဖြင့် ရန်သူတော် ကာ့ဒ်တို့ထံ ရောက်ရှိသွားမည့် လက်နက်သေတ္တာများအနက် အနည်းဆုံး တစ်လုံးကို အရယူနိုင်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ သို့သော်လည်း ယခုဗီဒီယိုတွင် ပါရှိသည့် လက်နက်သေတ္တာသည် ကာ့ဒ်တို့အတွက် မိမိတို့ ထောက်ပံ့ပေးခဲ့သည့် သေတ္တာများအနက် တစ်လုံးဖြစ်သည်ဟု အတည်မပြုနိုင်ကြောင်း အမေရိကန် စစ်ဘက်က ငြင်းဆိုထားသည်။

“တိတိကျကျတော့ ဘာမှ မသိရသေးဘူး။ ဒီကိစ္စကို ဆက်ပြီး စုံစမ်းနေဆဲပါ”ဟု ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ယင်းဗီဒီယိုနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့သည်။ ၎င်းက လေယာဉ်ဖြင့် ချပေးသည့် စစ်လက်နက် အများစုသည် ရည်မှန်းချက်အတိုင်း ကာ့ဒ် ပြည်သူ့စစ်များ လက်ထဲသို့သာ ရောက်ရှိသွားသည်ဟု ယူဆရကြောင်းလည်း ဆိုသည်။

အမေရိကန်သည် အီရတ်ရှိ ကာ့ဒ်အနွယ်များ၏ အကူအညီ တောင်းခံမှုအရ ကိုဘာနီရှိ ကာ့ဒ်ပြည်သူ့စစ်များထံ အောက်တိုဘာ (၂၀)ရက်က လက်နက်သေတ္တာများ လေထီးဖြင့် ချပေးခဲ့ခြင်း ဖြစ်သည်။ လက်နက်သေတ္တာ (၂၈)လုံးအနက် (၂၇)လုံးသည် ကိုဘာနီကို ကာကွယ်နေသည့် ကာ့ဒ်တပ်ဖွဲ့များထံ ဆိုက်မြိုက်စွာ ရောက်ရှိခဲ့ကြောင်း ပင်တဂွန်က အတည်ပြုထားသည်။

ပင်တဂွန်မှ ဗိုလ်မှူးကြီး စတိဗ်ဝါရင်က “လေထီးနဲ့ ချပေးတဲ့ လက်နက်သေတ္တာ တစ်လုံးဟာ လမ်းကြောင်းမှားပြီး ကျသွားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေ ရှိလာတဲ့နောက် လက်နက်သေတ္တာ ကျသွားတဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ကိုဘာနီသည် မဟာဗျူဟာအရ အချက်အခြာကျသည့် နေရာတွင် တည်ရှိနေရာ ပြီးခဲ့သည့် လပိုင်းများအတွင်း IS တပ်ဖွဲ့က မြို့ကို သိမ်းယူရန် အင်တိုက်အားတိုက် ကြိုးစားလျက် ရှိသည်။ မြို့အတွင်းရှိ ကာ့ဒ်တပ်ဖွဲ့များကလည်း အမေရိကန်နှင့် မဟာမိတ် တပ်များ၏ လေကြောင်းမှ ပံ့ပိုးတိုက်ခိုက်မှုကို အကူအညီယူကာ IS အဖွဲ့၏ ထိုးစစ်ကို အကြိမ်ကြိမ် တွန်းလှန်ထားနိုင်ခဲ့သည်။

_Ref: Foxnews
7 Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...