Wednesday, October 15, 2014

မန္တလေးဆူပူမှု ဖြစ်စဉ်အတွင်း ဦးစိုးမင်းထွေး အသတ်ခံရမှုတွင် ပါဝင်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများကို စီရင်ချက်မချမီ တရားရုံးသို့ ခေါ်ဆောင်လာစဉ်

မန္တလေးမြို့တွင် ဇူလိုင်ကဖြစ်ပွားခဲ့သော ဆူပူမှုဖြစ်စဉ်အတွင်း ဦးစိုးမင်းထွေး အသတ်ခံရသည့်အမှု၌ ပါဝင်သူလေးဦးအား မန္တလေးခရိုင် တရားရုံးမှ အောက်တိုဘာ ၁၄ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးစိုးမင်းထွေး အသတ်ခံရမှု၌ ပါဝင်သည်ဟု တရားစွဲဆိုခံထားရသော ဉာဏ်ထွေး၊ ဇော်မင်းထွန်း(ခ) ဘဲတော၊ ကျော်ဇင်ထက်(ခ)ဖက်တီးလေး၊ သံချောင်း(ခ)ဖိုးဇော်တို့ကို ခရိုင်တရားသူကြီး ဒေါ်ခင်ခင် လှက ပြစ်မှုပုဒ်မ ၃၀၂(၂)/၁၄၄ ဖြင့် ထိုသို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားခံလေးယောက်စလုံးကို ၃၀၂(၂) နဲ့ စွဲချက်တင်တာပါ။ ခု ၃၀၂(၂)/၁၁၄ နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးတယ်။ ပုဒ်မ ၁၁၄ က အားပေးကူညီမှုပါ။ ၃၀၂(၂) နဲ့ အပြစ်ပေးလို့မရတဲ့ အနေအထားမျိုးမှာ ၁၁၄ နဲ့ အားပေးကူညီတဲ့သူ ပုံစံမျိုးနဲ့ ချလိုက်တာပါ။ လူအုပ်ကြီးဆိုပေမယ့် ဖမ်းမိတဲ့လေးယောက်ကိုပဲ ၁၁၄ တွဲလိုက်တဲ့သဘောပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်ဝင်းက ပြောကြားသည်။

လူသတ်မှုတွင် ပါဝင်သည်ဟု သတ်မှတ်ထားသော ၁၀ ဦးအနက် ယခုပြစ်ဒဏ်ချမှတ်ခဲ့သော လေးဦးသာ ဖမ်းဆီးနိုင်ခဲ့ပြီး ခြောက်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသေးကြောင်း သိရသည်။

ထိုသို့ ချမှတ်ခဲ့သည့် ပြစ်ဒဏ်များမှာ တရားမျှတမှု မရှိကြောင်း၊ ထို့အတွက် တိုင်းဒေသကြီး တရားရုံးသို့ အယူခံ ဆက်လက်တင်သွားမည်ဖြစ်ကြောင်း ပြစ်ဒဏ်ချမှတ်ခံရသူ ကျော်ဇင်ထက်၏မိခင် ဒေါ်ဇင်မာအေးက ပြောကြားသည်။

“အခင်းဖြစ်တဲ့နေ့က ကျွန်မသားက ကျွန်မနဲ့အတူတူ ရှိနေပါတယ်။ သူတကယ်လို့ အပြစ်ရှိတယ်ဆိုရင် ကျွန်မ၀မ်းမနည်းပါဘူး။ အခုဟာက လူသတ်မှုမှာ သူလည်းမပါဘဲနဲ့ အဖမ်းခံရပြီး ထောင်ချခံခဲ့ရတာပါ” ဟု ဒေါ်ဇင်မာအေးက ပြောကြားသည်။

တရားစွဲဆိုခံထားရသူ ကျော်ဇင်ထက်မှာ တရားခံမဟုတ်ဘဲ မတရား ဖမ်းဆီးရိုက်နှက်ကာ စာရွက်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုး ၀န်ခံခိုင်းသည်ဟုဆိုကာ ၎င်း၏မိခင် ဒေါ်ဇင်မာအေးက အောက် တိုဘာ ၁၀ ရက်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

အသတ်ခံရသူ ဦးစိုးမင်းထွေးသည် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ဗလီတက်ရန် အိမ်မှထွက်လာရာ ၂၉ လမ်းနှင့် ၈၃ လမ်းထောင့် မျိုးသိန်းအီလက်ထရွန်နစ် ဆိုင်ရှေ့အရောက် အမည်မသိ လူတစ်စုနှင့်တွေ့ပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...