Friday, August 8, 2014

ပိတ်ဆို့ အရေးယူမှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်မှ အစားအသောက်၊ ဥရောပမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တင်သွင်းမှု ရုရှားပိတ်ပင်

ရုရှားနိုင်ငံသည် အမေရိကန်မှ အစားအစာ တင်သွင်းမှုကို လုံးဝ ပိတ်ပင် တားမြစ် လိမ့်မည် ဖြစ်ကာ၊ ဥရောပမှ သစ်သီး နှင့် ဟင်းသီး ဟင်းရွက်များ တင်သွင်းမှုကိုလည်း ပိတ်ပင် တားမြစ် သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံတော်ပိုင် သတင်း ဌာနက ဗုဒ္ဓဟူး နေ့က ထုတ်ပြန် လိုက်သည်။ ရုရှားက ယူကရိန်းရှိ သူပုန် များအား ကူညီ ပံ့ပိုးလျက် ရှိခြင်းကို ဒဏ်ခတ်သည့် အနေဖြင့် အနောက် နိုင်ငံများက ရုရှားအား ပိတ်ဆို့ အရေးယူ မှုများ ပြုလုပ် ခဲ့ခြင်း အပေါ် ရုရှားက ထိုကဲ့သို့ တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။
ထိုပိတ်ပင်မှု များ၏ အကျိုးဆက် ဒဏ်ကို၊ ဈေးပေါသော သွင်းကုန်များ အပေါ် မှီခို နေရသည့် ရုရှားမှ စားသုံးသူ များနှင့် ရုရှား၏ ကြီးမား လှသော ဈေးကွက်အား မှီခိုနေ ခဲ့ရသူ အနောက် နိုင်ငံများမှ လယ်သမားများ ခံကြ ရမည် ဖြစ်သည်။

ရုရှားမှာ ဥရောပ သစ်သီးများ နှင့် ဟင်းသီးဟင်းရွက် များအား အများဆုံး ဝယ်ယူသည့် နိုင်ငံ ဖြစ်ကာ၊ အမေရိကန်မှ ကြက်သား၊ ဘဲသားများ ဒုတိယ အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။

ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ချမှတ်ခဲ့ ကြသည့် နိုင်ငံများကို အပြစ်ပေးရန် အတွက် သမ္မတ ဗလာဒီ မာပူတင် (President Vladimir Putin) ၏ အမိန့်အရ ရေးဆွဲ ထုတ်ပြန် လိုက်သော ပိတ်ပင် တားမြစ်မှု ထဲတွင် ဥရောပမှ သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ နှင့် အမေရိကန်မှ အစားအသောက် အားလုံး ပါဝင်ကြောင်း ရုရှား နိုင်ငံ၏ အစားအသောက် ဘေးကင်း လုံခြုံမှု စောင့်ကြည့်ရေး အဖွဲ့အစည်း ဖြစ်သည့် VPSS ၏ ပြောရေး ဆိုခွင့်ရှိသူ အလက်စီး အလက်ဆင်န်ကို (Alexei Alexeenko) ကို ရည်ညွှန်း ကိုးကား၍ ရုရှား သတင်းဌာန RIA က ဖော်ပြ ထားသည်။

ဥရောပ သမဂ္ဂ နှင့် အမေရိကန် ကုန်ပစ္စည်းများ အပေါ် ပိတ်ပင် တားမြစ်မိန့်မှာ အတော် ပြင်းထန် လိမ့်မည် ဖြစ်ကာ၊ အမေရိကန်မှ ကြက်သား၊ ဘဲသား ကဲ့သို့သော သွင်းကုန်များ အပေါ် ပိတ်ပင် မှုလည်း ပါဝင် လိမ့်မည် ဖြစ်ကြောင်း အစောပိုင်းတွင် အလက်ဆင်န်ကိုက ရိုက်တာ သတင်းဌာနသို့ ပြောကြား ခဲ့သော်လည်း၊ ပိတ်ပင် သွင်းကုန်ပစ္စည်း စာရင်း အပြည့်အစုံ ပေးရန်ကိုမူ သူက ငြင်းဆန် ခဲ့သည်။ RIA ၏ သတင်း ထွက်ပေါ်လာ အပြီးတွင်မူ သူ့ကို ထပ်မံ ဆက်သွယ်၍ မရခဲ့ပေ။

ယူကရိန်း အရှေ့ပိုင်းရှိ ရုရှား လိုလားသူ သူပုန်များ ထိန်းချုပ်ထားသော ဒေသတွင် မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် တစ်စီး ပစ်ချခံခဲ့ရပြီး ကတည်းက သုံးပတ် အတွင်းတွင် ယူကရိန်း အရှေ့ပိုင်း၌ တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့ပြီး ရုရှား နှင့် အနောက် နိုင်ငံများ အကြားတွင်လည်း စီးပွါးရေး အရ ပိတ်ဆို့ အရေးယူမှု တိုက်ပွဲ အရှိန်မြင့် လာခဲ့ခြင်း ဖြစ်သည်။

ရုရှားသည် ရုရှား-ယူကရိန်း နယ်စပ်တွင် တပ်သား ၂ဝဝဝဝ ဝန်းကျင်ခန့် ရှိသော တိုက်ခိုက်ရန် အသင့်ပြင် ထားသည့် တပ်ဖွဲ့များ ချထားကာ၊ လူသားချင်း စာနာမှု ရည်ရွယ်ချက်ကို ယိုးမည်ဖွဲ့ အကြောင်း ပြ၍ ကျူးကျော်မှု ပြုလုပ် နိုင်ကြောင်း မြောက် အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ (နေတိုး - NATO) က ဗုဒ္ဓဟူး နေ့က ဆိုခဲ့သည်။ ရုရှား အနေဖြင့် အိမ်နီးချင်း ယူကရိန်းအပေါ် ကြည်းကြောင်း ကျူးကျော် တိုက်ခိုက်မှု တစ်ရပ် ပြုလုပ် လာနိုင်ကြောင်း အနောက်မဟာမိတ် နိုင်ငံများ၏ အပြတ်သားဆုံး သတိပေးချက် တစ်ခုလည်း ဖြစ်သည်။

Ref: Reuters

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...