Tuesday, September 23, 2014

အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း


မန္တလေး၊ စက်တင်ဘာ ၂၂

ရှေးဘုရင်မင်းဆက် (၃၁)ဆက် ထီးနန်းစိုးစံခဲ့သော အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်း အား နိုင်ငံခြားသား ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်းသိရသည်။ အင်းဝမြို့ကို သက္ကရာဇ် (၇၂၆) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မင်းဆက်(၃၁) ဆက် ထီးနန်းစိုးစံကာ နှစ်ပေါင်း(၄၀၀) ကြာ တည်ရှိခဲ့သော မြို့ဟောင်းဖြစ်သောကြောင့် နန်းဆောင်၊ မြို့ရိုးနှင့် ပြသာဒ်တို့၏ ဗိသုကာ တည်ဆောက်ပုံ အမွမ်းပန်းလက်ရာများ၊ သာသနိကအဆောက်အဦးများ တည်ဆောက်ပုံအနုပညာ လက်ရာများအား ပြင်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစားလေ့လာကြကြောင်းသိရသည်။
နိုင်ငံခြားသားတွေက မယ်နုအုတ်ကျောင်းရဲ့တည်ဆောက်ပုံ ရှေးခေတ်ပညာရှင်တွေရဲ့ ဗိသုကာ လက်ရာ၊ ပန်းရံနှင့် ပန်းတမော့အနုပညာလက်ရာတွေကိုစိတ်ဝင်စားလေ့လာကြကြောင်း၊ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြန်းပတ်လမ်းနှင့် အခန်းဖွဲ့စည်းပုံတွေ၊ အ၀င်ပေါက်သစ်သားတံခါးတပ်ဆင်ပုံတွေ၊ ကျောင်းကြီး ရဲ့ခန့်ငြား ထည်ဝါလှသော ဗိသုကာလက်ရာများအား ၀င်ရောက်လေ့လာကြကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားသည်။

မယ်နုအုတ်ကျောင်းကြီးအား မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ် ဘကြီးတော်မင်းတရားကြီးနှင့်နန်းမတော်မယ်နု တို့လှူဒါန်းခဲ့ကြောင်းသိရသည်။ ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး သက္ကရာဇ် (၁၁၈၉) ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကမ္ဗည်းထိုးကာ ညောင်ကန်ဆရာတော်ဦးပိုအား ရေစက်ချလှူဒါန်းခဲ့သည်။

ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဒုတိယညောင်ကန်ဆရာတော် ဦးဗုဓ်ကို ထပ်မံလှူဒါန်း ခဲ့သည်။ ကျောင်းကြီးကို အုတ်၊ အင်္ဂတေတို့ဖြင့် မိဖုရားခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နုအုတ်ကျောင်းဟု ထင်ရှားသည်။ အုတ်ကျောင်းအကျယ်အ၀န်းမှာ အလျား(၁၉၂) ပေ၊ အနံ(၁၁၂) ပေ နှင့် အမြင့်(၉၄) ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် အင်းဝခေတ် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် (၁၂၀၀) ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် (၁၂၃၄) ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...