စန္ဒီ
စိန်ဌေးဗီဒီယိုထုတ်လုပ်ရေးနဲ့ အတူ ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်ကောင်းပြည့်တစ်ယောက် အခုချိန်မှာဖြင့် မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိထားပြီပဲ ဖြစ်ပါတယ်။ သူ့ကို သူ့ရဲ့အနုပညာ လုပ်သက်အရ ဘာတွေတိုးတက် ပြောင်းလဲလာပြီလဲဆိုတာကို မေးဖြစ်ခဲ့တာကတော့
အခုရိုက်နေတဲ့ ဗီဒီယိုဇာတ်ကားလေး နဲ့မိတ်ဆက်ပေးပါလား။
ဇာတ်ကားနာမည်က ဝဋ်ကြွေးမကျေချင်ပါ။ မင်းသမီးက မချစ်သုဝေ။ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)ပါ။ ဇာတ်ကားပုံစံက မိသားစု ဒရာမာ အချစ်ဇာတ်ကားမျိုးပါပဲ။ ကျွန်တော်က ဒီဇာတ်ကားမှာ ခပ်မိုက်မိုက် ဂျစ်ကန်ကန်နိုင်တဲ့ သူဌေးသား တစ်ယောက်ပေါ့။ အဖေက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါမှာ မိထွေးရလာတယ်။ အဲဒီ့မိထွေးနဲ့အတူ သမီးတစ်ယောက် ပါလာတယ်။ အဲဒီ့အခါမှာ ကိုယ့်အတွက် အခွင့်အရေးတွေ ပိုပိုပြီး ဆုံးရှုးံလာတယ်ထင်ပြီး ပိုဆိုးပြတဲ့ ကာရိုက်တာပုံစံမျိုးပါ။
သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အချိန်နှင့် အခုချိန်မှာကိုယ့်ကိုကိုယ် ဘာတွေ ပြောင်းလဲသွားတယ်လို့ထင်မိလဲ။
ကျွန်တော်သရုပ်ဆောင်တာ အရင်ကထက် အများကြီး ပိုလုပ်လာနိုင်တယ်လို့ ထင်မိပါတယ်။ သရုပ်ဆောင်တဲ့ အလုပ်ကလည်း သရုပ်ဆောင်ရင်းနဲ့ပဲ သင်ရင်း နဲ့ လုပ်တတ်သွားတာဆိုတော့ နောက်ဒီထက် သရုပ်ဆောင်ကောင်းအောင်လို့ ကျွန်တော်ကြိုးစားသွားမယ်။ အရင်တုန်းကဆို ကိုယ်ကဘာမှနားမလည်ဘူး။ သရုပ်ဆောင်တာကိုလည်း ကျွမ်းကျင်မှုမရှိဘူး။ အမှားပါမှာလည်း ကြောက်တယ်။ မဝံ့မရဲဖြစ်ခဲ့ရပါတယ်။
မျိုးရိုးကအထက်တန်းစား ဆိုတဲ့ ဗီဒီယိုဇာတ်ကားနဲ့ ပရိသတ် လက်ခံအားပေးမှုရရှိခဲ့တယ် ဆိုတာကို ကောင်းပြည့်အနေနဲ့လက်ခံပါသလား။
မျိုးရိုးကအထက်တန်းစား ဗီဒီယိုဇာတ်ကားလေးက ဟိုးအရင် ကျွန်တော်စရိုက်ခဲ့တဲ့ကားပါ။ အဲဒီ့ကားလေးက အခုချိန်ထိလည်း ပရိသတ်တွေကြိုက်နေကြတုန်းပဲ လို့သိရတယ်။ အဲဒီ့ကားလေးက ပရိသတ်တော်တော်များများ အားပေးခဲ့တာဖြစ်သလို၊ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ပါခံခဲ့ရပါတယ်။ နောက်ပြီး အဲဒီ့ကားလေးက သူ့ရဲ့ဇာတ်ကောင်ပုံစံကိုလည်း ပရိသတ်တွေ အရမ်းကြိုက်ကြတယ်ခင်ဗျာ။ ကျွန်တော် ဗီဒီယိုလေး၊ငါးကားလောက် ဦးမျိုးမင်းနဲ့တောက်လျှောက် ရိုက်ခဲ့တယ်။ အချိန်တိုအတွင်းမှာ ပရိသတ်လက်ခံသွားအောင်၊ ပရိသတ်သိအောင် လုပ်ပေးနိုင်ခဲ့တာက ဒါရိုက်တာ ဦးမျိုးမင်း(ရင်တွင်းဖြစ်)ပါပဲ။
အခုချိန်ထိ ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ ထွက်လာလို့ကိုယ်ကိုတိုင် ပြန်ကြည့်မိတိုင်း လိုအပ်ချက်တွေ ရှိနေတာကိုတွေ့မိလား။
လိုအပ်မှုတွေကတော့ ကျွန်တော်ရိုက်ခဲ့တဲ့ ကားတိုင်းလိုလိုပါပဲ။ ဒီထက်ပိုပြီး ကောင်းအောင်လို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ လိုအပ်ချက်တွေ အများကြီးပဲလို့ ကိုယ့်ကိုကိုယ်မြင်မိတယ်။ ကျွန်တော့်ရဲ့ဇာတ်ကားတစ်ကား ထွက်လာတိုင်း ကျွန်တော်ကိုယ် ကျွန်တော် အသေးစိတ် ကိုသေချာပြန်ကြည့်တယ်။ ကြည့်လိုက်တိုင်း အားရတယ်ဆိုတာ မရှိပါဘူး။ အနုပညာဆိုတာလည်း ဘယ်တော့မှပြီးပြည့်စုံသွားတယ်ဆိုတာ မရှိဘူးလေ။
ကိုယ့်ကိုကိုယ် ကာရိုက်တာအစုံရိုက်ဘူးပြီလို့ ထင်ပါသလား။
ကျွန်တော် အခုချိန်ထိ ကာရိုက်တာ အစုံမရိုက်ဖူးသေးပါဘူး။ ကျွန်တော့်ရဲ့မျက်နှာက ဆင်းရဲသား အခန်းနဲ့ မလိုက်ဘူးလို့ ပရိသတ်တော်တော်များများ ဝေဖန်ကြပါတယ်။
ကောင်းပြည့်ကိုယ်တိုင် ရိုက်ချင်နေတဲ့ ကာရိုက်တာဇာတ်ရုပ်မျိုးရော ရှိလား။
ကျွန်တော် နယ်တွေဘက်သွားပြီး လူငယ်ပုံစံဖန်စီမျိုး၊ ခပ်မိုက်မိုက်ဂျစ်ကန်ကန် လူငယ်ပုံစံမျိုးတော့ ရိုက်ချင်နေတယ်။ အဲလိုမရိုက်ဘူးသေးဘူး။ နောက်ပြီး သဘာဝကျပြီး လှပတဲ့ ရှုခင်းတွေရှိတဲ့နေရာ မျိုးကိုသွားပြီးတော့ ဇာတ်ကားရိုက်ချင်တယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment