Thursday, October 16, 2014
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိနိုင်မည်
9:39 AM
No comments
''တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည်ကို လုံးဝ လက်မခံ ကြောင်း ယခုလ ၃ ရက်နေ့က ကျောက်ဆည်မြို့တွင် ကျင်းပသော ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တွေ့ဆုံပွဲ ၌ ပြောကြားသည်'' လို့ အစချီ ထားတဲ့ သတင်း တစ်ပုဒ်ကို ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရတယ်။
၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ကျောက်ဆည်မြို့ မြို့တော်ခန်းမ မှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ ပြော ခဲ့တာပေါ့။ တိုင်းပြည် စီးပွားရေး မကောင်းဘဲနဲ့ စစ်တပ် အတွက် စစ်လက်နက် အသုံး အဆောင်ပစ္စည်းတွေကို ဘယ်လို ဝယ်မလဲ၊ တပ်မတော်ကို တိုက်ခိုက်တယ်၊ မုန်းတယ်လို့ မြင်ကြ မှာပဲ။ မဟုတ်ပါဘူး၊ မှားနေ တာတွေကို တပ်မတော် အနေနဲ့ ပြင်ကြ ရအောင်လို့ ပြောတာပါတဲ့။
ဒါကို ဖတ်မိတော့ သြော်ရှင်းနေတာကို ရှုပ်အောင် လုပ်ပြန်ပြီ၊ မှန်နေ တာတွေကို တလွဲဖြစ်အောင် ဖွလိုက်ပြန်ပြီ ဟဲ့လို့ ညည်းမိပါရဲ့။ မှားနေတာ တွေကို တပ်မတော် အနေနဲ့ ပြင်ကြရအောင် ပြောတာပါတဲ့။ အတွေးအမြင်၊ အယူအဆ၊ ဝါဒ တွေအရ တော့ ''တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်'' ဆိုတဲ့ ဆောင်ပုဒ်က မှားကောင်း မှားနေ နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း၊ တပ်မတော် သမိုင်း နဲ့ အစဉ်အလာ အရတော့ မမှားတာ ရဲရဲကြီး အာမခံ ရဲတယ်။
ကျွန်တော်တို့ နိုင်ငံ သူ့ကျွန်ဖြစ် ရတဲ့ အကြောင်းတရား အမျိုးမျိုးထဲမှာ အဓိက အချက် အနေနဲ့ အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ခိုင်ခိုင် မာမာ မရှိခဲ့တာလည်း အချက်တစ်ချက် အနေနဲ့ပါတယ်။ အင်အား ဆိုတဲ့ နေရာမှာ လူအင်အား၊ လက်နက် ခဲယမ်းအင်အား စသဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူမျိုးမှာ မျိုးချစ်စိတ် ဆိုတဲ့ အင်အား တစ်ခုပဲ ခိုင်မာ တောင့်တင်း ခဲ့တာပါ။ လူ၊ စစ်လက်နက် အင်အား ဘယ်လိုမှ မယှဉ်သာလို့ ကိုယ့်အရှင် နှစ်ပါးကို ကြက်ကလေး၊ ငှက်ကလေးလို အလွယ် တကူ ဖမ်းသွားတာကို မျိုးချစ်စိတ်နဲ့ ကြိတ်မနိုင် ခဲမရ အံကြိတ် ကျန်ရစ်ခဲ့ရတာ ပြေးမြင် ကြည့်စမ်းပါ။ ဘယ်လောက် ရင်နာစရာ ကောင်းတဲ့ မြင်ကွင်း ဖြစ်လိုက် မလဲလို့။
တကယ် လို့သာ အဲဒီခေတ်က နယ်ချဲ့တွေနဲ့ အပြိုင် စစ်အင်အား၊ စစ်လက်နက် ပစ္စည်း အင်အားတွေ တောင့်တင်း ခိုင်မာတဲ့ ခေတ်မီ တပ်မတော်သာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ စရာအကြောင်း မရှိဘူး။ ကျွန်တော်တို့ လူမျိုးတွေမှာ မျိုးချစ်စိတ်ပဲ ခိုင်မာ တောင့်တင်း ပါတယ် ဆိုတာလေ။ အဲဒီ စိတ်ကြောင့်ပဲ နယ်ချဲ့တွေကို ရရာ လက်နက် စွဲကိုင်ပြီး တော်လှန် တိုက်ခိုက်ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ တွေဟာ တောမီး ပမာပျံ့နှံ့ ခဲ့တယ်။ သို့သော်လည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှု တွေမရ ခဲ့ကြဘူး။ ဘာလို့လဲ ဆိုတော့ ကျစ်လျစ် ခိုင်မာတဲ့ တစ်လုံး တစ်စည်း တည်းသော အင်အားကို မတည် ဆောက်နိုင် ခဲ့လို့ပါပဲ။
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့စကားက သမိုင်းပေး သင်ခန်းစာတွေ အရ ပေါ်ထွန်းလာတဲ့ စကားပါ။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်စောင့် ရှောက်မယ့် အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော်တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေးကြီး ဆုံးရှုံးခဲ့ ရဖူးတယ်။ အဲဒီ ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို တပ်မတော် ကပဲ ဦးဆောင်ပြီး အရယူပေး ခဲ့တာပါ။ ပြည်သူ လူထုရဲ့ တစ်ခဲနက် အားပေး ထောက်ခံမှု တွေကလည်း တပ်မတော် အင်အား တစ်ရပ်ပဲ။
ကိုယ့်ထက် အင်အားကြီးသူကို အောင်ပွဲ ဆင်နိုင်ဖို့ဆိုတာ ကိုယ့်မှာ အင်အား တောင့်တင်း နေမှဖြစ် မှာပေါ့။ နယ်ချဲ့တွေကို တိုက်ထုတ် တွန်းလှန်နိုင် ဖို့အတွက် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကိုစတင် ဖွဲ့စည်းခဲ့တာက ရဲဘော် သုံးကျိပ်တည်း ရယ်ပါ။ ဒါပေမဲ့ ဘီအိုင်အေ တပ်မတော် စတင်ဖွဲ့စည်းပြီး ရက်ပိုင်းမှာပဲ အင်အားက ၁၅ဝ ကျော်ခဲ့တယ်။ မြန်မာ နိုင်ငံအတွင်း ကိုရောက်တဲ့ အချိန်မှာ ဘီအိုင်အေ အင်အား က လေးထောင် နီးပါးရှိလာ သတဲ့။ ၁၉၄၂ ခုနှစ် မေလ ရောက်တော့ တပ်မတော်ရဲ့ အင်အားက ၂၃ဝဝဝ အထိ ရှိနေပြီ။ နေ့ချင်း ညချင်း အင်အားကြီးမား လာတဲ့ တပ်မတော်ကို ဖက်ဆစ်တွေ ကတောင် အံ့သြပြီး မျက်ကလဲ ဆန်ပျာဖြစ် ရတယ်။ ဒါကြောင့် အင်အား သုံးထောင် အထိလျှော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း ခံခဲ့ရတယ်။
ဘယ်လို ပဲဖြစ်ဖြစ် တပ်မတော်ဟာ မိမိရဲ့ အင်အား၊ ပြည်သူ လူထုရဲ့ အားတွေနဲ့ ပေါင်းစုပြီး လွတ်လပ်ရေး ကို အရယူပေး ခဲ့တယ်။ တကယ် လို့သာ တပ်မတော် မှာသာ ခိုင်မာ တောင့်တင်းတဲ့ အင်အား မရှိခဲ့ဘူးဆိုရင်၊ မျိုးချစ်စိတ် အင်အားတွေ မထက်သန် ခဲ့ဘူးဆိုရင် လွတ်လပ်ရေး ဟာ ရွှေပြည်တော် မျှော်လေ တိုင်း ဝေးဆိုသလို ဖြစ်နေ ဦးမှာပါ။
ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူးခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု ကာလဆိုးကြီး အကြောင်းကိုပေါ့။ ပြည်တွင်း ရောင်စုံ သောင်းကျန်းသူ တွေရဲ့ အင်အားက တပ်မတော် အင်အားထက် သာလွန်များ ပြားတယ်။ နိုင်ငံရဲ့မြို့ ကြီးများ အနက်က ၇၅ ရာခိုင်နှုန်းခန့်က သောင်းကျန်းသူတွေလက်ထဲမှာ။ ရန်ကုန်မြို့ လယ် ကွက်ကွက် ကလေး လောက်ပဲ ကျန်တော့တဲ့ အထိဖြစ်ခဲ့လို့ ရန်ကုန် အစိုးရလို့ တောင် လှောင်ပြောင် ကဲ့ရဲ့ခြင်း ခံခဲ့ရတယ် မဟုတ်လား။
လွတ်လပ်ရေး ရပြီးစ အခြေအနေဟာ ဖြေရှင်း ရခက်ခဲတဲ့ အခြေအနေပဲ။ သောင်းကျန်းသူ အဖွဲ့ကြီး အချို့က သူတို့ စစ်ရေးအရ အသာစီးရပြီး အနိုင်ရခဲ့ရင် သူတို့ကို ကျောထောက် နောက်ခံ ကူညီပေးခဲ့တဲ့ နိုင်ငံကြီး အချို့နဲ့ ပူးပေါင်း မယ်လို့ ကြေညာ ခဲ့တဲ့အတွက် တိုင်းပြည်က နှစ်ခြမ်းကွဲ ရတော့မယ့် အခြေအနေ ဖြစ်ခဲ့ရ တယ်။
ဒါပေမဲ့ တပ်မတော်က မိမိ အင်အားထက် သာလွန် များပြားတဲ့ သောင်းကျန်း သူတွေကို ကျားကုတ် ကျားခဲ တိုက်ခိုက် ချေမှုန်းပြီး လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက် နိုင် ခဲ့ပါတယ်။ ပြည်တွင်း သောင်းကျန်းသူ တွေကို တိုက်ခိုက် ခဲ့ရာမှာ မည်သည့် နိုင်ငံ ရဲ့ အကူအညီ ကိုမျှ မယူဘဲ တပ်မတော် အင်အား သက်သက် ဖြင့်သာ တိုက်ခိုက် အောင်ပွဲဆင် ခဲ့ခြင်းဖြစ် ပါတယ်။
ဒါတင် မကပါဘူး။ ပြည်ပ ကျူးကျော်သူ ကူမင်တန် တပ်တွေ ကိုလည်း တပ်မတော် က ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ နဂါးနိုင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး စတဲ့ စစ်ဆင်ရေး တွေနဲ့ တိုက်ခိုက် တွန်းလှန် ခဲ့တယ်။ တကယ်လို့များ အဲဒီအချိန်က တပ်မတော်က စစ်ရေး အင်အားနဲ့ စွမ်းရည်တွေသာ မရှိခဲ့ရင် မတွေးဝံ့ စရာပါဘဲ။
တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်ဆိုတဲ့ဆောင်ပုဒ်က အာဏာ တည်ဆောက် ဖို့မဟုတ်ဘူး၊ နိုင်ငံတော် ကာကွယ်ရေး အတွက်ပါ။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက်ပါ။ နိုင်ငံ တစ်နိုင်ငံမှာ အင်အား တောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ်မရှိရင် သူတစ်ပါးရဲ့ ကျူးကျော် စော်ကားမှု၊ ထိပါးရန်စမှု တွေကို တစ်နည်းနည်းနဲ့ ကြုံတွေ့ ခံစားရ တတ်တယ်။ အစွမ်းထက်တဲ့ စစ်လက်နက် ကိရိယာ၊ ပစ္စည်းတွေ မရှိရင်လည်း လေးစား ခံ့ညားမှုကို မရနိုင်ဘူး။
ကမ္ဘာနဲ့ ချီပြီး နိုင်ငံတကာ စံနှုန်းတွေ အကြောင်း နှိုင်းယှဉ်ပြော တတ်ကြတဲ့ သူတွေ ပိုပြီးသိမှာပါ။ ဒီကနေ့ နိုင်ငံတကာ အသီးသီးက မိမိတို့ရဲ့ တပ်မတော်တွေကို ပိုပြီးအင်အား တောင့်တင်းအောင်၊ စွမ်းရည် ထက်မြက်အောင်၊ လက်နက် အင်အား သာလွန်အောင် အပြိုင်အဆိုင် ကြိုးပမ်း နေကြတာ အသိပါ။ အခြား မကြည့်ပါနဲ့၊ ကိုယ့်ရဲ့အိမ်နီး ချင်းနိုင်ငံ တွေရဲ့ စစ်အင် အားကိုပဲ လေ့လာကြည့် စေချင်ပါတယ်။
ဥပမာ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ဆိုရင် (ကြည်း/ ရေ/ လေ) ကာကွယ် ရေးအင်အား ၂ ဒသမ ၄ သန်း ရှိပြီး ကမ္ဘာ့ အဆင့်-၂ ရှိ နျူကလီးယား လက်နက် ပိုင်ဆိုင် ထားတဲ့ တပ်မတော် ရှိတယ်။ အိန္ဒိယနိုင်ငံ ဆိုရင်လည်း နည်းပညာ အဆင့် အတန်း ခေတ်မီမြင့် မားတဲ့ (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ၂ သန်း ရှိတယ်။ ကမ္ဘာ့ အဆင့်-၄ ရှိ နျူကလီးယား လက်နက်ရတဲ့ တပ်မတော် တစ်ရပ် ကို ပိုင်ဆိုင် ထားတယ်။ ရခိုင်ပြည်နယ် နှင့် ဆက်စပ်တည် ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၁ ဒသမ ၆ သိန်း၊ ထိုင်း နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃ဒသမ ၄၅ သိန်း (ကမ္ဘာ့ အဆင့်-၂၈)၊ လူဦးရေ ၆ ဒသမ ၆၇ သန်းသာရှိတဲ့ လာအို နိုင်ငံက (ကြည်း/ ရေ/ လေ) ကာကွယ်ရေး အင်အား ၃၇၅ဝဝ စသဖြင့် ကာကွယ်ရေး အင်အား တွေရှိတယ်။ ပိုပြီး အင်အား တောင့်တင်း ခိုင်မာ အောင်လည်း ကြိုးပမ်း တည်ဆောက် နေကြတယ်။
သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ် တွေက ၂ဝ၁၁ ခုနှစ်မှာ တရုတ်က ၉၁ ဒသမ ၇ ဘီလီယံ၊ အိန္ဒိယက အမေရိကန် ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလီယံ၊ ထိုင်း နိုင်ငံက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လာအို နိုင်ငံက အမေရိကန် ဒေါ်လာ ၇၁ သန်း သုံးစွဲ ခဲ့သတဲ့။ သူတို့ ငွေအား၊ လူအား၊ လက်နက် ကိရိယာ အားတွေနဲ့ တပ်မတော် အင်အားရှိအောင် ကြိုးပမ်း တည်ဆောက် နေရခြင်းရဲ့ ရည်မှန်းချက်က သူတို့ နိုင်ငံကို ကောင်းစွာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ပါ။ ဒါကို အပြစ်လို့သွားမြင် လို့ရပါ့မလား။ မြင်ခဲ့ရင်လည်း အဲဒီလူဟာသူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့သူပဲ ဖြစ်လိမ့်မယ်။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံကို အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ကြိုးပမ်း တည်ဆောက် နေတာပါ။ ကျွန်တော် တို့လည်း ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးမှာ တစ်ဖက် တစ်လမ်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပါဝင် ဆောင်ရွက် ပေးနေကြတယ် မဟုတ်လား။ ကျွန်တော် ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားဖို့၊ တိုးတက် စေချင်လို့ မဟုတ် လား။
ဒီကနေ့ ကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ နိုင်ငံကို အသိအမှတ်ပြု လာကြပြီ။ စီးပွားရေး ပိတ်ဆို့ ထားတာတွေ ကိုလည်း ဖြေလျှော့ ပေးခဲ့ကြလို့ အလား အလာ ကောင်းတွေကို ခံစား၊ စံစားရဖို့ မြင်နေရပါပြီ။ ဒီခြေလှမ်း အတိုင်း တက်ညီ လက်ညီ ချီတက် သွားကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ မကြာ လှတော့တဲ့ ကာလမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံ အဖြစ်ရောက် ရှိလာလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်ခြင်း နဲ့အတူ စိန်ခေါ်မှု အသစ်အသစ် တွေလည်း ရင်ဆိုင် လာရနိုင် တယ်။ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက်လာရင် ဘယ်လို လုပ်ကြမလဲ။ နိုင်ငံတော် ကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ။
ရေမြင့်ရင် ကြာတင့် ရသလိုပဲ အေးချမ်း ခေတ်မီတဲ့ ဒီမိုကရေစီ နိုင်ငံတော်နဲ့ နိုင်ငံသား တွေကို ကာကွယ် စောင့်ရှောက် နိုင်ဖို့ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ် မလိုအပ် ပေဘူးလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်ကို ကောင်းစွာ ကာကွယ် စောင့်ရှောက် နိုင်လိမ့်မယ်။ တည်ငြိမ် အေးချမ်းမှုတို့ အဓွန့်ရှည် ခိုင်မာနေ လိမ့်မယ်။
''ကျွန်တော်တို့ တပ်မတော်ကြီး ကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့ ဖြစ်စေ ချင်ပါတယ်'' ဆိုတဲ့ အပြောလေးလည်း ဖတ်မိလိုက် ပါသေးတယ်။ တပ်မတော် အင်အားရှိမှ နိုင်ငံနဲ့ လူမျိုးအပေါ် ကျရောက်လာမယ့် ဘေးအန္တရာယ် အပေါင်းကို ကာကွယ် စောင့်ရှောက်နိုင် မှန်းသိပါ လျက်နဲ့ ဘာကြောင့်များ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်မခံရ သလဲဆိုတာ မစဉ်းစားတတ် အောင်ပါပဲ။ မလိုသူတွေ အကြိုက် လိုက်ပြီးတော့များ ပြောမိလေ သလား။ ဒါမှမဟုတ် ပေါ်ပြူလာ နိုင်ငံရေး သမားကြီး ဖြစ်ချင်လို့ ပြောချင်တာ ဇွတ်ပြော မိလိုက်တာ များလားလို့ ကျွန်တော် စဉ်းစားမိတယ်။
တလွဲ အတွေးနဲ့ ဘေးမထွက် လိုက်ပါနဲ့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်က နိုင်ငံတော် ကာကွယ်ရေး အတွက် ရည်ရွယ် ချက်ချပြ ထားတဲ့ ဆောင်ပုဒ်ပါ။ စစ်တပ်က အာဏာ တည်ဆောက်ဖို့ သုံးစွဲတဲ့ ဆောင်ပုဒ် မဟုတ်ဘူး ဆိုတာကို သိစေ ချင်လို့ ရေးသားခြင်း ပဲဖြစ် ပါတယ်။ ။
မောင်ညိုချော (ကျေးလက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment