Friday, October 3, 2014

ပြည်တွင်း ဘဏ်လုပ်ငန်းများ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးစေရန် ဝန်ဆောင်မှု အားနည်းဟု အေဒီဘီ ထောက်ပြ


မြန်မာ့ဘဏ်များသည် ရိုးရှင်းလွန်းသည့် ဘဏ်လုပ်ငန်းဆိုင်ရာအဆင့်တွင်သာ လုပ်ကိုင်နေပြီး ပုဂ္ဂလိက စီးပွားရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများမရှိဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB Bank) မြန်မာပြည် ကိုယ်စားလှယ်ရုံးမှ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင် Mr. Nick Freeman က ဝေဖန်ထောက်ပြကာ ပြည်တွင်းလုပ်ငန်းရှင်များနှင့် မီဒီယာများကို ပြောလိုက်သည်။
Bank

ပြည်တွင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ ပြုနိုင်မည့် ချေးငွေ ထုတ်ချေးပေးနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။

အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက် လာခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သော မိတ်ဆက်သည့် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ကုန်သည်/စက်မှု အသင်းချုပ်ရုံး UMFCCI ၌ ကျင်းပခဲ့သည်။ အဆိုပါ ပွဲတွင် မြန်မာ့ပုဂ်္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအစီအစဉ် အတွက် ADB Bank က ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ ခြင်းဖြစ်သည်။

Mr. Nick Freeman က “မြန်မာ့ဘဏ် လုပ်ငန်းတွေဟာ သေချာကြည့်ရမယ် ဆိုရင် ရိုးရိုးရေခဲမုန့်တစ်ခု လိုပါပဲ။ သာမန်ဘဏ် လုပ်ငန်းပုံစံကိုပဲ ရိုးရိုးရှင်းရှင်း သွားနေတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ် နှံဖို့ ငွေချေးပေးတဲ့ပုံစံမျိုးကို မတွေ့ရပါဘူး။ ဒါဟာ လိုအပ်နေတဲ့အချက်ပါ” ဟု ပြည်တွင်းဘဏ္ဍာရေး ဆောင်ရွက်မှုအခြေအနေကို ရည်ညွှန်း ပြောခဲ့သည်။

မြန်မာအစိုးရသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုပြင်ပြောင်းလဲမှု များ လုပ်ကိုင်နေကာ ကုမ္ပဏီအက်ဥပဒေ ပြင်ဆင်ရေးဆွဲခြင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို တစ်ခုတည်းပေါင်းစည်း ခြင်း၊ အထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်းခြင်းများရှိနေသော်လည်း ဘဏ္ဍာရေး ၀န်ဆောင်မှု အားနည်းနေခြင်းနှင့် ချိန်ညှိကြည့်မည်ဆိုပါက ကိုက်ညီမှုမရှိသည် ကို တွေ့မြင်နေရသည်ဟု Mr. Nick Freeman က ပြောသည်။

“ဒီလိုလုပ်ကိုင်နေမှုတွေမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုရှိလားဆိုတဲ့အပိုင်းကို စဉ်းစားဖို့လိုပါတယ်။ အစိုးရ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ပိုင်း အားနည်း တဲ့ အချက်ကလည်း အရေးကြီးနိုင်ပါတယ်။ ဥပဒေတွေ ရေးဆွဲနေပေမယ့် လုပ်ငန်းလုပ်ဖို့ အခက်အခဲဖြစ်နေတဲ့အပိုင်းကို ဖြေရှင်းပေးဖို့က အရေးပါလှပါ တယ်”ဟု ပြောသည်။

ပြည်တွင်းဘဏ်လုပ်ငန်းများသည် ဘဏ်အပ်ငွေလက်ခံဆောင်ရွက်ခြင်း၊ ငွေလွှဲလုပ်ကိုင်ခြင်းလုပ်ငန်းများ အပေါ်တွင်သာ အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး လုပ်ငန်းရှင်များသို့ ချေးငွေဆောင်ရွက်ပေးခြင်းကို လုပ် ကိုင်သော်လည်း ပမာဏအမြောက်အမြားဖြင့် ဆောင်ရွက်ပေးရန်မှာ ဘဏ်များ၏ ငွေကြေး အရင်းအနှီး အားနည်းမှုရှိသည်ဟု မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးမြသန်း က မဇ္ဈိမကို ပြောထားသည်။

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တင်ပို့မည့်ကုန်စည်အပေါ် ကြိုတင် ချေးငွေပေးခြင်းများကိုလည်း စမ်းသပ်ဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...