ပခုက္ကူ- ပေါက်- ကျောက်ထုလမ်း အခြေအနေ၊ မိုးရွာသွန်းမှုကြောင့် ကမ်းမဖြူချောင်း ရေကျနေမှုနှင့် လမ်းကြောင်း အခြေအနေတို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်သည် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးပြီးနောက် ပုသိမ်- မုံရွာလမ်း မိုင်တိုင်အမှတ် (၃၈၀/ ၂နှင့် ၃၈၁/၁) ကြားတွင် အထူး စီမံကိန်းကြီးအဖွဲ့ (၃)မှ တည်ဆောက်နေသော အမှတ်(၂) ပေါက်တံတား (ရေပြာ) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိသည်။
ရှင်းလင်းဆောင်တွင် အင်ဂျင်နီယာမှူးကြီး ဦးကျော်လင်းက အမှတ် (၂) ပေါက်တံတား (ရေပြာ) တည်ဆောက် ပြီးစီးမှု၊ ကတ္တရာ ကွန်ကရစ် ခင်းနေမှုနှင့် အချောသတ် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ အမှတ်(၁) ပေါက်တံတား (အုန်းတော) တည်ဆောက်နေမှုတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားကြီး မကြာမီ ဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရန်၊ တံတား လုပ်ငန်းများ ပြီးစီးပါက ဖြတ်သန်း ခွင့်ပြုရန်တို့ကို မှာကြားသည်။
အမှတ်(၂) ပေါက်တံတား (ရေပြာ) သည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းမိုင်တိုင် အမှတ် (၃၈၀/၂ နှင့် ၃၈၁/၁) ကြားတွင် တည်ရှိပြီး ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းနှင့် ၂၀၁၁ ခုနှစ် O2B မုန်တိုင်းများကြောင့် ဘေလီသံပေါင်များ ရေတိုက်စား ပျက်စီးခဲ့ရာ လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် နိုင်ငံတော် အစိုးရမှ သံကူကွန်ကရစ် တံတား တည်ဆောက်ရန် လမ်းညွှန်ခဲ့သဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ အထူး စီမံကိန်းကြီးအဖွဲ့ (၃)မှ မူလ တံတားဟောင်း အရှည်ပေ ၁၄၉၀ရှိ တံတား Alignment အတိုင်း အရှည်ပေ ၁၆၅၀ ထပ်မံ တိုးချဲ့ တည်ဆောက်မည့် ဘိုးပိုင်လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် တံတား လုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ဒေသခံ ပြည်သူများ သွားလာမှု အဆင်ပြေစေရန် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဆိုင်ကယ်များ၊ ကိုယ်ပိုင် ယာဉ်ငယ်များ၊ ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်ငယ်များကို ဖြတ်သန်း ခွင့်ပြုခဲ့သည်။
အလားတူ ဆိပ်ဖြူ- ကန်တော်ပေါက်လမ်းပေါ်ရှိ အမှတ်(၁) ပေါက်တံတား (အုန်းတော) မှာလည်း ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းနှင့်၂၀၁၁ ခုနှစ် O2B မုန်တိုင်းများကြောင့် ဘေလီသံပေါင်များ ရေတိုက်စား ပျက်စီးခဲ့ရာ အထူး စီမံကိန်းကြီး အဖွဲ့(၃)မှ ၂၀၁၃ ခုနှစ် မေ ၁၅ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ ပွင့်လင်းရာသီတွင် ဒေသခံပြည်သူများ ဆောလျင်စွာ အသုံးပြုနိုင်ရေး အတွက် တံတား လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ပွင့်လင်းရာသီတွင် တည်ဆောက် ပြီးစီး၍ လမ်းပန်းဆက်သွယ်မှုမှာ အဆင်ပြေ ချောမွေ့မည် ဖြစ်သည်။
အမှတ်(၂) ပေါက်တံတား (ရေပြာ)နှင့်အမှတ်(၁) ပေါက်တံတား (အုန်းတော)တို့ တည်ဆောက် ပြီးစီးပါက မကွေးတိုင်းဒေသကြီးမှ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ် သွားလာနိုင်မည် ဖြစ်ပြီး ဒေသခံ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် အောက်တိုဘာ ၂၁
0 comments:
Post a Comment