၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်
တိုကျိုမြို့ရှိ ထိုင်းသံရုံးရှေ့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒဖော်ထုတ်နေစဉ်
ထိုင်းနိုင်ငံ ခိုထောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအပေါ် တရားမျှတစွာ စုံစမ်းစစ်ဆေးပေးရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ထိုင်းသံရုံးတွင် အောက်တိုဘာ ၉ ရက်က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး တရားမျှတစွာ စစ်ဆေးပေးရန် မေတ္တာရပ်ခံစာကိုပါ ပေးအပ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ ဦးမင်းအောင်ခိုင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ဆန္ဒထုတ်ဖော်မှုအား ဂျပန်နိုင်ငံ တိုကျို မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် လူစု၍ ညနေ ၃ နာရီမှ ၄ နာရီအထိ ဆန္ဒထုတ်ဖော်မှုအား ပြုလုပ်ခဲ့သည်။ အလုပ်ချိန်နှင့် တိုက်နေသည့်အတွက် လူဦးရေ ၇ဝ ခန့်သာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာအဖွဲ့အစည်းများအားလုံး ပါဝင်ခဲ့ကြောင်း ဦးမင်းအောင်ခိုင်က ဆိုသည်။
မြန်မာနိုင်ငံသား နှစ်ဦးအပေါ် လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် အမှုများစွာနှင့် စွဲဆိုထားသည့်အပေါ် တရားမျှတစွာဖြေရှင်းပေးရန် မေတ္တာရပ်ခံစာကို ဂျပန်နိုင်ငံရှိ မြန်မာ့အဖွဲ့အစည်း ခေါင်းဆောင်များဖြစ်သည့် ဦးသန်းဆွေ၊ ဦးမြင့်ဆွေနှင့် ဦးလှအေးမောင်တို့က ထိုင်းသံရုံးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
“တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုဆန္ဒပြခဲ့ပြီး မေတ္တာရပ်ခံစာပါ ပေးအပ်ခဲ့ပါတယ်”ဟု ဦးမင်းအောင်ခိုင်က ဆိုသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းဟု ခေါ်ဆိုသည့် ခိုထောင်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ဗြိတိန်နိုင်ငံသား စုံတွဲဖြစ်သည့် ဒေးဗစ်မီလာ (၂၄ နှစ်)နှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) တို့ကို ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သည့် မောင်စော (၂၁ နှစ်)နှင့် မောင်ဝင်း (၂၁ နှစ်)တို့က သတ်သည်ဟု ဝန်ခံခဲ့သည့်အတွက် ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု မုဒိမ်းမှုနှင့် တရားစွဲဆိုခဲ့သည်။
သို့သော် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ထိုင်းနိုင်ငံသားများ၊ နိုင်ငံခြားသားများ နှင့် မြန်မာများက သံသယရှိခဲ့ကာ ယုံကြည်မှုမရှိကြောင်း ဝေဖန်မှုများရှိနေသည့်အပြင် လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန် သည်ဟု မြန်မာနိုင်ငံသားနှစ်ဦးက ဝန်ခံခဲ့ခြင်းမှာလည်း ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါအမှုအပေါ် လေ့လာသူများက သုံးသပ်သည်။
ထို့ပြင် အဆိုပါအမှုအပေါ် မြန်မာနိုင်ငံသားနှစ်ဦး ဓားစာခံအဖြစ် အသုံးချခံရကြောင်း ပြည်တွင်းပြည်ပနေ မြန်မာနိုင်ငံသားများက ယုံကြည်သဖြင့် တရားမျှတမှုရှိရေး ဗြိတိန်အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန် လက်မှတ်ထိုးတောင်းဆိုမှုကို မြန်မာနိုင်ငံသားများက လှုပ်ရှားမှုပြုလုပ်နေကြောင်း သိရသည်။
news-eleven.
0 comments:
Post a Comment