Wednesday, October 29, 2014

UWSA အဖွဲ့မှ ဒေသခံ `၀´ ပြည်သူများအား အံ့အားသင့်ဖွယ် ဆက်ကြေးကောက်




`၀´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား အောက်တိုဘာ တတိယပတ်မှ စတင်ကာ `၀´ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ နှစ်စဉ် ဆက်ကြေးငွေများကို အံ့အားသင့် ဖွယ်ကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ဒေသခံ`၀´ပြည်သူများဆီမှ လူ၊ အိမ်မွေး ကျွဲ/နွား၊ ဈေးဆိုင်၊ ဆိုင်ကယ်၊ ကားစသည်တို့ကို ဆက်ကြေးကောက်ခံနေခြင်းသည် အလွန်ပင် အံ့အားသင့်စရာကောင်းကြောင်း ပန်ဆန်းမြို့ခံတစ်ဦးက ပြောသည်။

``မအံသြနဲ့ဗျ၊ မွေးကင်းစကလေးကိုတောင် ဆက်ကြေးကောက်တာ၊ ကလေးမွေးတာတစ်လပဲရှိသေးတယ်၊ အိမ်အထိလာပြီး တရုတ်ယွမ်(၁၀၀)တောင်းတယ်၊ ကလေးမွေးကာစဆိုတော့ မပေးပြန်ရင်လည်းတစ်ခုခုလုပ်မှာ ကြောက်လို့ ပေးလိုက်ရတယ်´´ ဟု ကိုယ်တွေ့ကြုံသော ဒေသခံတစ်ဦးက ဆိုသည်။

UWSA`၀´ အဖွဲ့မှ ကလေးတစ်ယောက်မွေးဖွားပြီး တစ်လကြာလျှင် ယွမ်ငွေ(၁၀၀)၊ အိမ်မွေးကျွဲ/နွား/မြင်း တစ်ကောင်အား တစ်နှစ်လျှင် ယွမ်ငွေ(၈၀)၊ ဈေးဆိုင်တစ်ဆိုင်လျှင် တစ်နှစ်စာ ယွမ်ငွေ(၁၀၀၀)၊ ဆိုင်ကယ် တစ်စီးလျှင် ယွမ်ငွေ(၁၅၀)၊ ကားတစ်စီးလျှင် ယွမ်ငွေ(၅၀၀)အသီးသီးကောက်ခံထားကြောင်း သိရသည်။

ပန်ဆန်းမှ တန့်ယန်းဘက်သို့ သွားလာနေသော သံလွင်မြစ် ကူးတို့ဆိပ်တွင် လှေပေါ်၌ပါလာသော လူ၊ ဆိုင်ကယ်၊ ကျွဲ/နွားနှင့် အခြားပစ္စည်းများကိုလည်း UWSA`၀´အဖွဲ့မှ ဆက်ကြေးငွေကောက်ခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

``ကျွဲ၊ နွားတစ်ကောင်ကို ယွမ်ငွေ(၁၀၀)၊ ဆိုင်ကယ်တစ်စီးကို ယွမ်ငွေ(၈၀)၊ လူတစ်ယာက်ကို ယွမ်ငွေ(၅၀)နှုန်း တောင်းတာကြောင့် ပေးခဲ့ကြပါတယ်၊ ဒီနယ်မြေမှာ ဒီလိုမျိုးပြည်သူတွေ ခံစားနေရပေမယ့် ဖြေရှင်းပေးတာမျိုး မရှိပါဘူး။ UWSA `၀´အဖွဲ့ဆိုတာကလည်း အစိုးရကိုတော့ သွားဖြဲပြပြီး တည့်အောင်ပေါင်း၊ ပြည်သူကိုတော့ ဖိနှိပ်ဆက်ဆံနေတဲ့ အဖွဲ့လေ´´ ဟု တန့်ယန့်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။

28 . 10 .2014
ခိုင်မြဲ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...