Friday, August 29, 2014

ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်လိုက်ပြီဟု တရားဝင်ကြေညာ

No.485 Friday, August 29, 2014
Photo - Caricaturedirectory

ဟောလိဝုဒ်၏ အကျော်ကြားဆုံး စုံတွဲတစ်တွဲဖြစ်သည့် ဘရတ်ပစ်တ်နှင့် အန်ဂျလီနာ ဂျိုလီတို့သည် ယခုအခါ လက်ထပ်ပြီးဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

အသက်(၅၀) အရွယ်ရှိ ပစ်တ်နှင့် အသက်(၃၉)နှစ် အရွယ်ရှိ ဂျိုလီတို့သည် ဩဂုတ်(၂၃)ရက်က ပြင်သစ်နိုင်ငံတွင် ထိမ်းမြား လက်ထပ်ခဲ့ခြင်းဟု ယင်းတို့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဩဂုတ် (၂၈)ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မွေးစားကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးထိ ရရှိထားသော စုံတွဲသည် Chateau Miraval ကျေးလက်စံအိမ်ကြီး၏ ခြံဝင်းအတွင်း ဘုရားကျောင်းလေးတစ်ခုတွင် အကျဉ်းရုံး ကျင်းပသည့် အခမ်းအနားလေး တစ်ခုဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်ထပ်ပွဲသို့ မိသားစုနှင့် မိတ်ဆွေအချို့သာ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပစ်တ်နှင့် ဂျိုလီတို့၏ ကလေးအားလုံးလည်း မင်္ဂလာပွဲတွင် စုံစုံညီညီ ကူညီပံ့ပိုးခဲ့ကြသည်။

ဂျိုလီသည် သားနှစ်ဦးဖြစ်သည့် မက်ဒေါ့စ်၊ ပက်စ်တို့နှင့်အတူ လျှောက်လမ်းအတိုင်း ထွက်ပေါ်လာစဉ် သမီးနှစ်ဦးဖြစ်သည့် ဇာဟာရာနှင့် ဗီဗီယန်နေးတို့က ပန်းပွင့်လေးများ ကြဲချပေးခဲ့သည်။ ရှီလိုနှင့် နော့စ်တို့ကမူ လက်စွပ်လေးများ သယ်ယူပေးသည့် ကလေးငယ်များအဖြစ် တာဝန်ယူခဲ့ကြသည်။ ဂျိုလီနှင့် ပစ်တ်တို့၏ လက်ထပ်စာချုပ်ကို ကယ်လီဖိုးနီးယားမှ ပြင်သစ်ထိ လိုက်ပါလာသည့် တရားသူကြီး တစ်ဦးက အသိအမှတ်ပြု ပေးအပ်ခဲ့သည်။

ပစ်တ်နှင့် ဂျိုလီတို့ ပိုင်ဆိုင်သည့် Chateau Miraval သည် ပြင်သစ်တောင်ပိုင်းရှိ ရွာငယ်လေး ကော်ရန်စ်တွင် တည်ရှိပြီး (၂၀၀၈)ခုနှစ် ကတည်းက အဆိုပါ စုံတွဲ၏ အပန်းဖြေ စံအိမ်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။ ပစ်တ်သည် ယခင်က မင်းသမီး ဂျနီဖာ အနစ္စတန်နှင့် အိမ်ထောင်ကျဖူးပြီး ဂျိုလီက မင်းသားများဖြစ်သည့် ဂျွန်နီလီမစ်လာ၊ ဘီလီဘော့ဘ်သွန်တန်တို့နှင့် လက်ထပ်ခဲ့ဖူးသည်။

ပစ်တ်နှင့် ဂျိုလီတို့သည် (၂၀၀၅)ခုနှစ်က ရိုက်ကူးသည့် Mr. and Mrs. Smith ဇာတ်ကားတွင် အတူသရုပ်ဆောင်ရင်း စတင်သိကျွမ်းလာကာ ချစ်သူများ ဖြစ်လာပြီး (၂၀၁၂)ခုနှစ်၊ ဧပြီလက စေ့စပ်ခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...