Saturday, November 8, 2014

လိပ်ကျွန်းဖမ်းဆီးခံ မြန်မာနှစ်ဦးကို ၁၀ ရက်ကျော် ထပ်မံထိန်းသိမ်းရန် တရားရုံးခွင့်ပြု

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးထားသည့် မြန်မာနှစ်ဦးကို လေးကြိမ်မြောက်အဖြစ် နောက်ထပ် ၁၂ ရက် ထပ်မံထိန်းသိမ်းထားရန် ကော့စမွေတရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူ Andy Hall ၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံ မြန်မာနှစ်ဦးကို တစ်လအတွင်း စွဲချက်တင်သွားမည် ဖြစ်ပြီး အဆိုပါ စွဲချက်တင်ရန် ထိုင်းရဲတပ်ဖွဲ့က တပ်တိုးပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ဒေသ အမှတ် (၈) အစိုးရရှေ့နေရုံး၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Thawatchai Siangjaew က နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောဆိုကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဖမ်းဆီးခံ မြန်မာနှစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ခြောက်နာရီကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ စစ်ဆေးစဉ် မြန်မာနှစ်ဦးက ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဟု ထွက်ဆိုခဲ့ကြကြောင်း Andy Hall ၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
လိပ်ကျွန်းလူသတ်မှုကြောင့် မြန်မာနှစ်ဦး ဖမ်းဆီးခံရမှုမှာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ထိုင်းအစိုးရက မြန်မာနှစ်ဦးကို တရားစွဲဆိုနိုင်ခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံဥပဒေအရ မြန်မာနှစ်ဦးကို ၈၄ ရက် ထိန်းသိမ်းနိုင်သည်။

ရန်ကုန်၊ အောက်တိုဘာ ၇
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...