Wednesday, September 24, 2014

နှလုံးသားဖြင့် ပြုလုပ်သည်


ဒီတစ်ခါ ရုပ်ရှင်အညွှန်း ကဏ္ဍမှာတော့ ကတိသစ္စာတည်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကား အကြောင်း ညွှန်းပေးလိုက်ပါတယ်။
သစ္စာရဲရဲနီက ချမ်းသာကြွယ်ဝပြီး အဆင့်အတန်း ခွဲတတ်တဲ့ ဦးသစ္စာရဲ့သမီးပါ။ သီဟကတော့ သူတို့အိမ်က ဒရိုင်ဘာရဲ့ သားပါ။ တစ်နေ့မှာ သီဟက သစ္စာရဲရဲနီ ကို ချစ်နေတယ်ဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့ပါတယ်။ မာနခေါင်ခိုက်နေတဲ့ သစ္စာရဲရဲနီ က သူ့ကို ချစ်တယ်လို့ပြောခဲ့တဲ့ သီဟရဲ့ အချစ်ကို သက်သေပြနိုင်ဖို့ ဆိုပြီး မဖြစ်နိုင်တဲ့ အရာတွေခိုင်းရင်း ရယ်စရာ၊ ကစားစရာ လူတစ်ယောက် အဖြစ် နည်းမျိုးစုံနဲ့ အနိုင်ကျင့်ခဲ့ပါတယ်။

သီဟကတော့ သူ့အချစ်ကို သက်သေပြနိုင်ဖို့အတွက် ဘာဖြစ်ဖြစ် အမှုမထားဘဲ သူ့အချစ်ကို ယုံကြည်လက်ခံဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ သစ္စာရဲရဲနီ ခိုင်းတဲ့အလုပ်တွေကို မဖြစ်ဖြစ်အောင် လိုက်လုပ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သစ္စာရဲရဲနီက သီဟကို သူကားမောင်းကျွမ်းကျင်မှုရှိ၊ မရှိစမ်းသပ်ဖို့ ကားမောင်း တဲ့လမ်းမှာ အိပ်ခိုင်းခဲ့ပါတယ်။ ကားကမြင့်တာကြောင့် အိပ်နေတဲ့သီဟ ထိခိုက်မှု မရှိခဲ့ပေမယ့် သစ္စာရဲရဲနီ နောက်ပြန်မောင်းလာတဲ့ အချိန်မှာတော့ မရှောင်နိုင်ခဲ့ဘဲ တိုက်မိခဲ့ပါတယ်။

ဒီတစ်ကြိမ် စွန့်စားမှုကိုတော့ သစ္စာရဲရဲနီက အသိအမှတ်ပြုခဲ့ပြီးသူတို့နှစ်ယောက် လည်း တရားဝင် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ချစ်သူတွေ ဖြစ်သွားတဲ့အချိန်မှာ လည်း သီဟအပေါ်မှာ သစ္စာရဲရဲနီကတော့ ဗိုလ်ကျမြဲပါပဲ။ ဒါပေမဲ့ သူတို့ချစ်သူ နှစ်ဦး မြတ်မြတ်နိုးနိုး ချစ်ခဲ့ကြတာကြောင့် တစ်သက်လုံး တစ်ယောက်အပေါ်မှာ တစ်ယောက် သစ္စာရှိရှိ ချစ်သွားရမယ်လို့ သစ္စာဆိုခဲ့ကြပါတယ်။

သီဟက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ချမ်းသာ လာတဲ့အချိန်မှာ သစ္စာရဲရဲနီကို လက်ထပ်ဖို့ ရည်မှန်းထားပါတယ်။ သီဟဆယ် တန်းအောင်တဲ့ အချိန်မှာ လေးဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တာကြောင့် သူ့အဖေက ဆေးကျောင်း ဆက်တက်ဖို့ တိုက်တွန်းခဲ့ပြီး ဦးသစ္စာ ကလည်း ကျောင်းစရိတ် ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သီဟ သူ့ရည်ရွယ်ချက် အတိုင်းလုပ်ဖို့ပဲ စိတ်အားထက် သန်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သီဟနဲ့ သစ္စာရဲရဲနီတို့ အကြောင်းကို သိသွားပြီး သီဟကို သူ့အိမ် ကနေ မောင်းထုတ် ခဲ့ပါတယ်။ အိမ်ကထွက်မသွားခင် ဦးသစ္စာနဲ့ သီဟတို့နှစ် ယောက်တည်း ဆွေးနွေးခဲ့ပြီး ဦးသစ္စာ ဘက်က လေးနှစ်အတွင်းမှာ သူ့သမီးကို လုံးဝမဆက်သွယ်ဖို့ ပြောခဲ့သလို သူလက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ခုအထိ ချမ်းသာရင် သူ့သမီးနဲ့ သဘောတူမယ်လို့ သဘောတူညီခဲ့ပါတယ်။

အဲဒီကာလနဲ့ နှစ် ၂၀ ကျော် အချိန်မှာတော့ ဦးသီဟက အရမ်းချမ်းသာပြီး အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်နေပါပြီ။ သူနဲ့ ရင်းနှီးခဲ့တဲ့ သစ္စာရဲရဲနီအစ်ကို မင်္ဂလာဆောင်တာကြောင့် သူငယ်ငယ်ကနေခဲ့တဲ့ အိမ်ကြီးကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ငယ်ချစ်ဟောင်း သစ္စာရဲရဲနီနဲ့ ပြန်လည် တွေ့ဆုံခဲ့သလို သူ့အပေါ်မှာ ကတိမတည်ခဲ့တဲ့ ဦးသစ္စာနဲ့လည်း ပြန်တွေ့ ခဲ့ပြီး သူ့အသက် ထက်ဝက်လောက်ငယ်တဲ့ မီးမီးရဲရဲနီ ဆိုတဲ့ ကောင်မလေးနဲ့လည်း တွေ့ဆုံရင်းနှီးခဲ့ပါတယ်။

သီဟအပေါ်မှာ ဦးသစ္စာ ဘယ်လို ကတိမတည်ခဲ့တာလဲ။ သစ္စာရဲရဲနီကရော သီဟအပေါ်မှာ သစ္စာဖောက်ခဲ့ တာလား။ ဘာတွေဆက်ဖြစ်ကြဦးမယ်ဆိုတာကို တော့ အောက်တိုဘာ လဆန်းပိုင်းကစပြီး ရန်ကုန်-မန္တလေး မြို့ကြီးတွေမှာ စတင်ရုံတင်ပြသမယ့် ‘နှလုံးသားနှင့် ပြုလုပ်သည်’ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက် ရှုစားပေးကြပါ။

ဒီရုပ်ရှင်မှာ သီဟအဖြစ် ပြေတီဦး၊ ဦးသစ္စာအဖြစ် ဇင်ဝိုင်း၊ သစ္စာရဲရဲနီ အဖြစ် မိုးဟေကို၊ မီးမီးရဲရဲနီ အဖြစ် ၀တ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ သီဟစိုးရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ၀ိုင်း က ရိုက်ကူး ပုံဖော်ထားပါ တယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...