Thursday, August 14, 2014

ယာဉ်ထိန်းရဲနှစ်ဦးကို ကွန်တိန်နာ ယာဉ်မောင်းက ဆယ်ပေါင်တူဖြင့်ထု


ရန်ကုန်၊ သြဂုတ် ၁၃

မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံ မီးပွိုင့်တွင် သြဂုတ်လ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို အသက် ၂၉ နှစ်အရွယ် ကွန်တိန်နာ ဒရိုင်ဘာ အမျိုးသားက ဆယ်ပေါင်တူဖြင့် ထုနှက်ခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါမီးပွိုင့်တွင် တာဝန်ကျနေသူ ယာဉ်ထိန်းတပ်ဖွဲ့စု (၁၃) မှ ရဲတပ်ကြပ် နှစ်ဦးမှာ ယင်းနေ့ ညနေပိုင်းက စော်ဘွားကြီး ကုန်းလမ်းဆုံမှ မင်္ဂလာဒုံမြို့နယ်ဘက်သို့ ပြည်လမ်းအတိုင်း မောင်းနှင်လာသော ကွန်တိန်နာယာဉ်ကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် ကွန်တိန်နာ ယာဉ်မောင်းဖြစ်သူ ကိုနိုင်လင်းထွန်း (ခ) ကုလားက ဆယ်ပေါင်တူနှင့် ရဲတပ်ကြပ် နှစ်ဦးကို ထုရိုက်ခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောကြားသည်။

“ပြည်လမ်းပေါ်ကို ကွန်တိန်နာ ကားတွေ ဖြတ်သန်းလို့ မရဘူးလို့ သတ်မှတ်ထားတာပါ။ သူတို့ကား ဖြတ်မောင်းလာလို့ ယာဉ်ထိန်းရဲက စစ်ဆေးတာကို ဒရိုင်ဘာက မချေမငံ ပြန်ပြောပြီး ကားပေါ် ပါလာတဲ့ ဆယ်ပေါင်တူနဲ့ ယာဉ်ထိန်းရဲ နှစ်ယောက်ကို ဆင်းထုခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆယ်ပေါင်တူဖြင့်နှင့် ထုနှက်ခံရသောကြောင့် ရဲတပ်ကြပ် ကျော်နန္ဒလင်းနှင့် တပ်ကြပ် အောင်ကြည်တိုးတို့ နှစ်ဦးတွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသထားကြောင်း၊ ကွန်တိန်နာယာဉ်မောင်း အခင်းဖြစ်ချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းထံမှ သိရှိရသည်။

တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းနှစ်ဦးကို ဆယ်ပေါင်တူဖြင့် ထုနှက်ခဲ့သော ယာဉ်မောင်းကို မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ) ၃၄၈/၁၄၊ ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ယာဉ်ထိန်းတပ်ဖွဲ့စု (၁၃) မှ ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အခြားမြို့နယ်များတွင် တာဝန်ကျ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့က ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ မကြာခဏ ဖြစ်ပွားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးထံမှ စုံစမ်းသိရှိရသည်။

သြဂုတ်လ ပထမပတ်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံး၌ ယာဉ်ထိန်းရဲအရာရှိကို ဓားဖြင့်ခုတ်ခဲ့သူ အမျိုးသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...