နယူးယောက် စက်တင်ဘာ ၂၂
ရာသီဥတုပြောင်းလဲမှုပြဿနာကို ကမ္ဘာ့နိုင်ငံများက အရေးကြီးသည့် ပြဿနာတစ်ရပ်အဖြစ် အရေးယူ ဆောင်ရွက်ကြရန် တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ထင်ပေါ်ကျော်ကြားသော အနုပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ စက်တင်ဘာ ၂၁ ရက်ကစုဝေးကာ လူထုချီတက်ပွဲ ပြုလုပ် ခဲ့ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဖော်ပြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယို၊ ဟောလိဝုဒ် မင်းသား လီယိုနာဒိုဒီကာပရီယိုတို့ အပါအဝင် အကျော်ဒေးယျ ပုဂ္ဂိုလ်များသည် ပြည်သူများနှင့်အတူ နယူးယောက်မြို့ရှိ ဆဌမရိပ်သာလမ်းအတိုင်း စုဝေးချီတက်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
နယူးယောက်မြို့ရှိ လမ်းများပေါ်၌ လူပေါင်း ၆ဝဝဝဝဝ အထိ စုဝေးခဲ့ကြကြောင်း၊ ရာသီဥတုပြောင်းလဲမှု ပြဿနာကို မီးမောင်းထိုးပြရန် ရည်ရွယ်သည့် ကမ္ဘာတစ်ဝန်း လူထုဆန္ဒ ထုတ်ဖော်ပွဲများ အနက် အင်အားအများ ဆုံးဖြစ်ပြီး သမိုင်းတွင် အကြီးကျယ်ဆုံး လှုပ်ရှားမှုတစ်ရပ် ဖြစ်ကြောင်း လူထုချီတက်ပွဲ စီစဉ်သူများက ပြောကြားကြသည်။
လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများရှိ အဓိက မြို့ကြီးများတွင်လည်း ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လူထုချီတက်ပွဲများနှင့် လူထုစည်းဝေးပွဲများကို ကျင်းပခဲ့ကြသည်။ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ပြည်သူများသည် နယူးယောက်မြို့၌ စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပမည့် ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ ထိပ်သီးညီလာခံအကြို ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သတင်း တွင်ဖော်ပြသည်။ အဆိုပါ ထိပ်သီးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အိမ်ရှင်အဖြစ် တာဝန်ယူကာ ကျင်းပမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု ပြဿနာကို အလေးပေး ကိုင်တွယ်aဆာင်ရွက်ရာ၌ တိုက်တွန်းနှိုးဆော်သည့် လူထုချီတက်ပွဲများကို ကမ္ဘာတစ်ဝန်း နေရာပေါင်း ၂ဝဝဝ ကျော်တွင် ကျင်းပခဲ့သည်။
ရိုက်တာ။
0 comments:
Post a Comment