Monday, August 11, 2014

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်သော အချက်ခုနစ်ချက် အပါအ၀င် ကိုရီးယားကျွန်းဆွယ်အရေး၊ ယူကရိန်းအရေးတို့အတွက် တိုက်တွန်းချက်များပါဝင်သည့် ပူးတွဲကြေညာချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်

နေပြည်တော်၌ သြဂုတ်လ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ အရေးကိစ္စများနှင့် ပတ်သက်၍ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်သော အချက်ခုနစ်ချက် အပါအ၀င် ကိုရီးယားကျွန်းဆွယ်အရေး၊ ယူကရိန်းအရေးများကို တိုက်တွန်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ကြေညာချက်စုစုပေါင်း ၁၆၆ ချက် ထုတ်ပြန်ရာတွင် နိုင်ငံတကာရေးရာ ကိစ္စများနှင့် ပတ်သက်၍ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကိစ္စကို အချက်ခုနစ်ချက် ထုတ်ပြန်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်ကိစ္စ၊ ယူကရိန်းပဋိပက္ခ၊ ပစ်ချခံခဲ့ရသော မလေးရှားလေယာဉ်ကိစ္စ၊ အရှေ့အလယ်ပိုင်း၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားကိစ္စများအား ပြောဆိုခဲ့သည်။

တောင်တရုတ်ပင်လယ် တင်းမာမှုများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရေကြောင်း၊ လေကြောင်း လုံခြုံရေးကို ထိန်းသိမ်းရန် တိုက်တွန်းအပ်ပါကြောင်း၊ အာဆီယံသည် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် တောင်တရုတ်ပင်လယ်အရေး မူဝါဒခြောက်ရပ်နှင့်အညီ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်သည့် နိုင်ငံများအနေဖြင့် သည်းညည်းခံမှုများ ပြုလုပ်ကြရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးများကို ထိခိုက်စေနိုင်မည့် အပြုအမူများကို ရှောင်ရှားကြပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန်၊ တောင်တရုတ်ပင်လယ်အရေး လိုက်နာရမည့် ကျင့်ဝတ်များအား တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန်တို့ကို ထုတ်ပြန်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေမှုကို စိုးရိမ်မိကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် တိုက်တွန်းချက်၊ ခြောက်နိုင်ငံဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် တိုက်တွန်းချက်တို့ကို ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည်။ ယူကရိန်း ပဋိပက္ခအပေါ် ထုတ်ပြန်ရာတွင် သက်ဆိုင်ရာနိုင်ငံများအားလုံး အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး ကြိုးပမ်းကြပါရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် မလေးရှားနိုင်ငံလေယာဉ် ပစ်ချခံခဲ့ရမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပျက်ကျရာနေရာကို ထိန်းချုပ်ထားသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များကို ၀င်ရောက်ခွင့်ပြုရန်၊ အဆိုပါနေရာတွင် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားရန်တို့ကိုလည်း တောင်းဆိုခဲ့ပြီး အရှေ့အလယ်ပိုင်း၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားနိုင်ငံများတွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍လည်း ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံအသိုက်အမြုံ ပေါ်ပေါက်ရေး၊ အာဆီယံနိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ အရှေ့တောင်အာရှတွင် အဏုမြူလက်နက် ကင်းစင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ရေကြောင်းပူးပေါင်း ဆောင်ရွက်ရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက် တိုက်ဖျက်ရေးများနှင့် ပတ်သက်၍လည်း ထုတ်ပြန်ကြေညာခဲ့သည်။ အာဆီယံနိုင်ငံ အချင်းချင်း စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ခရီးသွားလာရေးများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက်လည်း သဘောတူညီခဲ့ကြသည်။

ထုတ်ပြန်ကြေညာချက်တွင် အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်ရရေး တီမောနိုင်ငံ၏ လျှောက်ထားမှုအပေါ် သုံးသပ်မှုများ ပြုလုပ်နေမှုကို တွန်းအားပေးနိုင်ရေးနှင့် ဖြစ်နိုင်ခြေရှိမရှိ လေ့လာမှုများ ပြုလုပ်ရန်အတွက်လည်း အာဆီယံနိုင်ငံများက သဘောတူခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အာဆီယံနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် သဘောတူညီမှု ပြုလုပ်ခဲ့သည်များနှင့် ပတ်သက်၍လည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...