မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုခွင့် ရခဲ့ခြင်းမှာ
ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာသည့်တိုင် သုံးစွဲသူများအနေဖြင့်
ဈေးနှုန်းကြီးမြင့်မှု၊ အင်တာနက်လိုင်း နှေးကွေးမှုများနှင့်
ရင်ဆိုင်နေရဆဲဖြစ်သည်။ မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုတွင်
ပြည်ပဆက်သွယ်ရေး အော်ပရေတာနှစ်ခုနှင့်အတူ အော်ပရေတာလေးခုက အပြိုင်အဆိုင်
ဝန်ဆောင်မှုပေးခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်း၏
လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုများ အဆုံးသတ်ခဲ့ပြီဖြစ်သည်။
ထို့အတူ
အင်တာနက် ဝန်ဆောင်မှုတွင်လည်း ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်
ပေါ်ပေါက်သင့်ပြီဟု သုံးသပ်မှုများ ရှိလာခဲ့ပါသည်။ ယနေ့ခေတ်တွင်
နယ်ပယ်အသီးသီး၊ လုပ်ငန်းအသီးသီးမှာ အင်တာနက်နှင့် ကင်းကွာ၍ မရတော့ဘဲ
အင်တာနက်ဆိုသည်မှာ လိုအပ်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ Loading စက်ဝိုင်းဖြင့်သာ
နှစ်ပါးသွားနေရသော သုံးစွဲသူများမှာလည်း အပြောင်းအလဲတစ်ရပ်ကို
စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီဖြစ်သည်။
ပြည်တွင်း၌ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှစတင်၍ အင်တာနက်လိုင်းပေါင်း ၅၇
လိုင်းအား စတင်ချိတ်ဆက်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အီးမေးလ်၊ အင်တာနက်စနစ်ကို အသုံးပြုနိုင်ရန်
ဖွင့်လှစ်ပေးခဲ့ပြီး အင်တာနက်စနစ်ကို ပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုနှင့်
အစိုးရဌာနအချို့တွင် တပ်ဆင်အသုံးပြုခွင့် ရရှိခဲ့ကြသည်။
အင်တာနက်ကို အများပြည်သူတို့ အသုံးပြုနိုင်သည့် ဆိုက်ဘာကဖီးများကို ၂ဝဝ၂၊
ဇန်နဝါရီမှစတင်၍ ဖွင့်လှစ်ခဲ့ကြသည်။ ထိုအချိန်က ရန်ကုန်မြို့တွင်
ဆိုက်ဘာကဖီး ၁၇ ခုနှင့် မန္တလေးမြို့တွင် ဆိုက်ဘာကဖီး သုံးခုသာ
ရှိခဲ့ကြောင်း သိရသည်။
အင်တာနက် တပ်ဆင်ခနှုန်းထားများမှာ ကျပ်သိန်း
၂ဝ ကျော်မှ ကျပ်သိန်း ၅ဝ အထိ ရှိခဲ့သောကြောင့် လူအများစု တပ်ဆင်နိုင်ခြင်း
မရှိခဲ့ပါ။ အင်တာနက်ကဖေးများတွင် အင်တာနက်အသုံးပြုခမှာ တစ်နာရီလျှင် ကျပ်
၁၅ဝဝ၊ ကျပ် ၁ဝဝဝ စသဖြင့် ဈေးနှုန်းကြီးမြင့်သောကြောင့်
အင်တာနက်ကဖေးများတွင် အင်တာနက် သွားရောက်သုံးစွဲရန် မိမိတို့၏ဝင်ငွေနှင့်
ချင့်ချိန်ခဲ့ရသည်။
၂ဝဝ၃ ခုနှစ် နောက်ပိုင်းအချိန်တွင်
ပြည်တွင်းအင်တာနက် သုံးစွဲခွင့်အား အများပြည်သူသို့ ပြန်လည်အသုံးပြုခွင့်
ပေးရေးအတွက် Internet Service Provider (ISP) ကို အစိုးရပိုင် Bagan
Cybertech (နောင်တွင် မြန်မာတယ်လီပို့၊ ရတနာပုံတယ်လီပို့) နှင့် MPT တို့သာ
ရရှိခဲ့ကြသည်။ အဆိုပါ ISP နှစ်ခုမှ IP Star အင်တာနက်ဖုန်း၊ Broadband
အင်တာနက်လိုင်းနှင့် ADSL အင်တာနက်လိုင်းများကို ဝန်ဆောင်မှုပေးခဲ့ကြကြောင်း
သိရသည်။
၂ဝဝ၈ ခုနှစ်တွင် WiMax အင်တာနက်စနစ်အား ပုဂ္ဂလိက
ကုမ္ပဏီဖြစ်သည့် Red Link မှ စတင်မိတ်ဆက်ခဲ့ပြီး ထိုကုမ္ပဏီသည်
အများပြည်သူအား အင်တာနက်သုံးစွဲခွင့်ပေးသည့် ပထမဆုံးသော ပုဂ္ဂလိက ISP
ဖြစ်လာခဲ့ကြောင်း သိရသည်။
“လက်ရှိမှာ ဝန်ဆောင်မှုပေးနေတဲ့
မြို့တွေက ရန်ကုန်၊ မန္တလေးနဲ့ပုဂံ သုံးခုပေါ့။ နောက်ထပ်နေရာဒေသ အသစ်တွေကို
ထပ်ပေးသွားနိုင်ဖို့လည်း စီစဉ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့
အင်တာနက်လိုင်းတွေကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကနေလည်း ဝယ်တယ်။ ရတနာပုံ
တယ်လီပို့ကနေလည်း ဝယ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အင်တာနက်လိုင်းနဲ့
ပတ်သက်ရင် MPT တစ်ခုတည်းပဲ ရှိတာဆိုတော့ သူတို့ဆီကပဲ ပြန်ဝယ်ရတာပေါ့။
ကျွန်တော်တို့ဝယ်ထားတဲ့ ပမာဏက 1.2 Gb ရှိပါတယ်။ ဒါက ကျွန်တော်တို့
ဆက်သွယ်ရေးဆီကနေ ပြန်ဝယ်ထားတာပါ” ဟု Red Link အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီမှ
အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောပြသည်။
၂ဝဝ၉ ခုနှစ်နှင့်
၂ဝ၁ဝ ပြည့်နှစ်များတွင်မူ FTTx အင်တာနက် ဝန်ဆောင်မှုများအတွက် လုပ်ကိုင်ရန်
ကြိုးပမ်းလာသူ ပုဂ္ဂလိကကုမ္ပဏီများ ပေါ်ထွက်လာခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင်
Network Provider နှင့် LSP (Local Service Provider) အဖြစ်
လုပ်ကိုင်ခွင့်ရသော ပုဂ္ဂလိကကုမ္ပဏီများ ပေါ်ထွက်လာခဲ့သည်။ သို့သော်
ယင်းကုမ္ပဏီများလည်း ထူးခြားဆန်းသစ်သော အင်တာနက်ဝန်ဆောင်မှုများကို
ပေးနိုင်ခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့၏
ထိန်းချုပ်မှုအောက်တွင်သာ လက်တွဲလုပ်ကိုင်ရခြင်း သဘောမျိုးရှိခဲ့ကြောင်း
သိရသည်။
၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်းနှင့် ၂ဝ၁၁ ခုနှစ်
နှစ်ဆန်းပိုင်းအချိန်တွင် GSM နှင့် CDMA ဖုန်းများတွင်
အင်တာနက်သုံးစွဲခွင့်ပေးခဲ့ပြီး Mc Will ဖုန်းနှင့် SkyNet အင်တာနက်
ဝန်ဆောင်မှုများလည်း ထပ်မံပေါ်ထွက်ခဲ့ပြန်သည်။
လက်ရှိအနေအထားအရ
လူအများစုအတွက် အင်တာနက်ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းပေါ်တွင်သာ အခြေခံကာ
ထပ်မံမြင့်တက်ဖွယ်ရှိနေသော အလားအလာများကို မြင်တွေ့နေရသည်။ အူရီဒူးနှင့်
တယ်လီနောတို့မှ ရောင်းချပေးသော ဖုန်းဆင်းမ်ကတ်များတွင် အင်တာနက်တစ်ပါတည်း
ပါဝင်လာကြောင်း သိရသည်။ သို့သော် မိုဘိုင်းဖုန်း အင်တာနက်မှာ သိသာစွာ
ကောင်းမွန်လာရန် ခက်ခဲနိုင်ပြီး အားကိုးအားထား ပြုနိုင်လောက်သည့်
မြန်နှုန်းမျိုး မရရှိနိုင်သေးဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ယင်းမှာ
Gateway နှင့် ဖိုင်ဘာဆက်ကြောင်းတို့ အကန့်အသတ် ရှိနေခြင်းကြောင့်ဟု
ဆိုသည်။
၂ဝ၁၃ ဇွန်လမှစတင်၍ E1 ဖိုင်ဘာအင်တာနက်လိုင်း၏
ကောက်ခံမှုနှုန်းထားများကို လျှော့ချသတ်မှတ်လိုက်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။
E1/Fiber
လိုင်းကောက်ခံမှုမှာ အစိုးရဌာနများ၊ ပုဂ္ဂလိကများနှင့်
ပြည်တွင်းကုမ္ပဏီများအတွက် မြန်မာကျပ်ငွေဖြင့် သတ်မှတ်ပြီး Service Plan
ပေါ်မူတည်၍ ကနဦးတပ်ဆင်ခမှာ ကျပ်နှစ်သိန်းမှ ကျပ် ၁ဝ သိန်းထိရှိကြောင်း၊
လစဉ်ကြေးမှာ ကျပ်တစ်သိန်းမှ ကျပ်သိန်း ၇ဝ ထိရှိကြောင်း၊ နှစ်စဉ်ကြေးမှာ
ကျပ် ၆ဝဝဝဝ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားကုမ္ပဏီ၊
အဖွဲ့အစည်းများနှင့် သံရုံးများအတွက် နှုန်းထားကို အမေရိကန်ဒေါ်လာဖြင့်
သတ်မှတ်ပြီး ကနဦးတပ်ဆင်ခမှာ ဒေါ်လာ ၂၅ဝ မှ ဒေါ်လာ ၁၁ဝဝ ထိရှိကြောင်း၊
လစဉ်ကြေးမှာ ၁၂၅ ဒေါ်လာမှ ဒေါ်လာ ၇၈ဝဝ ထိရှိကြောင်း၊ နှစ်စဉ်ကြေးမှာ ၇၂
ဒေါ်လာဖြစ်ကြောင်း သိရသည်။
ယင်း E1 လိုင်းမှာ ကုမ္ပဏီနှင့်
အဖွဲ့အစည်းများအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်းဖြစ်ပြီး
ဈေးနှုန်းမှာလည်း ကြီးမြင့်သောလိုင်း အမျိုးအစားဖြစ်ကြောင်း သိရသည်။
၂ဝဝ၇ ခုနှစ်တွင် မြန်မာတယ်လီပို့သည် Fiber Optic Cable မှ တစ်ဆင့်
အင်တာနက်ချိတ်ဆက်ခြင်းကို စတင်ခဲ့ပြီး Metro Ethernet Connection
ဟုခေါ်ကြောင်း သိရသည်။ မြန်နှုန်းမြင့်မားပြီး Band-width မှာ 1 Mbps မှ 4
Mbps အထိ ရရှိနိုင်ခဲ့ကြောင်း သိရသည်။
ယခင်က ယင်းလိုင်းအတွက်
ကနဦးတပ်ဆင်ခမှာ FEC ၂၅ဝဝ ဖြစ်ပြီး လစဉ်ကြေးမှာ 1 Mbps ကို ၅၅ဝ FEC, 2 Mbps
ကို ၈၅ဝ FEC, 4 Mbps ကို ၁၃၅ဝ FEC ပေးဆောင်ခဲ့ရကြောင်း သိရသည်။
နှစ်စဉ်ကြေးမှာမူ FEC ၆ဝ ပေးသွင်းခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့က ရုံးနှစ်ရုံးရှိတော့ အင်တာနက်လိုင်းကို
နှစ်လိုင်းဝယ်ထားပါတယ်။ MPT ကတစ်လိုင်း၊ ရတနာပုံက တစ်လိုင်းပေါ့။
တပ်ဆင်တဲ့အချိန်တုန်းက ဈေးတော်တော်ကြီးပါတယ်။ ရတနာပုံတယ်လီပို့လိုင်းက
ကနဦးတင်ဆင်ခကို ကျပ်ငါးသိန်းပေးခဲ့ရတယ်။ ဆက်သွယ်ရေးက လိုင်းကျတော့
တစ်ဆင့်ပြန်ဝယ်တာဖြစ်လို့ ကျပ် ၁၅ သိန်း ပေးခဲ့ရတယ်။ မြန်မာနိုင်ငံမှာ
အင်တာနက်လိုင်းတွေ ဝယ်သုံးရင် တပ်ဆင်ခလည်း ပေးရတယ်။ အသုံးပြုခ
လစဉ်ကြေးတွေလည်း ပေးရတယ်။ ရတနာပုံတယ်လီပို့က လိုင်းဆိုရင် လစဉ်ကြေး
ကျပ်တစ်သိန်းပေးရတယ်။ လိုင်းက လုံးဝမကောင်းဘူး။ သူတို့ကလည်း MPT ကနေတစ်ဆင့်
ပြန်ယူရတာဖြစ်လို့ သိပ်မကောင်းဘူးပေါ့။ နောက်ပိုင်းမှာ ISP လိုင်စင်တွေ
ချပေးတော့မယ်ကြားတယ်။ နိုင်ငံတကာမှာဆိုရင်လည်း အင်တာနက်ဝန်ဆောင်မှုပေးတဲ့
ကုမ္ပဏီတွေကို သုံးလေးခုလောက် ထားပါတယ်။ MPT ကနေ ပြန်ယူနေရတာမျိုး
ဆိုရင်တော့ ကုမ္ပဏီတွေ များလာတာပဲရှိမယ်။ လိုင်းကကောင်းလာမှာ မဟုတ်ဘူး။
သူတို့ပဲ ထိန်းချုပ်ထားတာမျိုးဆိုရင်တော့ အဆင်မပြေနိုင်ဘူး။
တကယ်လုပ်နိုင်တဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို လွှဲပြောင်းလုပ်ကိုင်ခွင့်
ပေးမယ်ဆိုရင်တော့ အဆင်ပြေလာနိုင်ပါတယ်” ဟု Myanmar Soft-Gate Technology မှ
ကိုရန်နောင်စိုးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ADSL အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခများနှင့် လစဉ်ကြေးများအား ၂ဝ၁၂
ခုနှစ် အောက်တိုဘာလလယ်ပိုင်းတွင် စတင်လျှော့ချပေးခဲ့ပြီး ကနဦးတပ်ဆင်ခမှာ
ကျပ်ငါးသောင်းဖြစ်လာခဲ့ကြောင်း သိရသည်။ ရတနာပုံတယ်လီပို့၏ ADSL
အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများကိုမူ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစ၍
ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းသို့ လျှော့ချခဲ့ကြောင်း သိရသည်။ WiMax
အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခ နှုန်းထားကို ကျပ် ၆၃ဝဝဝဝ မှ ကျပ် ၄၅ဝဝဝဝ သို့
၂ဝ၁၂ ဒီဇင်ဘာ ၆ ရက်မှစ၍ လျှော့ချပေးခဲ့သည်။ ဖိုက်ဘာအင်တာနက်လိုင်း (FTTH) ၏
ကနဦးတပ်ဆင်ခကိုမူ ငွေကျပ် ခုနစ်သိန်းခွဲမှ ငွေကျပ်ငါးသိန်းသို့ ၂ဝ၁၃
ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။
အင်တာနက်သုံးစွဲမှု အနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌
အင်တာနက်သုံးစွဲသူ အရေအတွက် လေးဦးသာရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ် မတ်လတွင် ၇၈ဝ၁ဝ
ဦး၊ ၂ဝဝ၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂ဝ၁ဝ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉ဝ ဦး၊
၂ဝ၁၁ ခုနှစ် မတ်လတွင် ၃၈ဝဝဝဝ ဦးရှိလာကြောင်း သိရသည်။ မိုဘိုင်းဖုန်း
အင်တာနက်ကြောင့် ၂ဝ၁၂ နောက်ပိုင်းနှစ်များတွင်
ဖုန်းဖြင့်အင်တာနက်သုံးစွဲသူဦးရေမှာ တစ်ဟုန်ထိုး တိုးပွားလာခဲ့ကြောင်း
သိရသည်။
ပြည်တွင်း၌ ADSL အင်တာနက် အသုံးပြုနိုင်သော မြို့ပေါင်း ၉၆ မြို့ရှိကာ လိုင်းပေါင်းတစ်သောင်းကျော် တပ်ဆင်ထားကြောင်း သိရသည်။
ဖိုင်ဘာအင်တာနက်လိုင်း ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် Fortune နှင့်
Elite မန္တလေးမြို့တွင် Fortune နှင့် Red Link စသည့်ကုမ္ပဏီများက
ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယင်း Network Provider
ကုမ္ပဏီအောက်တွင် မြို့နယ်အလိုက် ဝန်ဆောင်မှုပေးသော Local Service Provider
ကုမ္ပဏီများ ရှိသေးကြောင်း သိရသည်။
Fortune ၏ FTTH
ဖိုင်ဘာအင်တာနက်လိုင်းကို အသုံးပြုသူ အရေအတွက်မှာ ရန်ကုန်မြို့တွင် ၂၅ဝဝ
ဝန်းကျင်နှင့် မန္တလေးမြို့တွင် ၁၅ဝဝ ဝန်းကျင်ရှိနေကြောင်း သိရသည်။
“ဖိုင်ဘာအင်တာနက်လိုင်းမှာတော့ 1Mb Plan ကို ယူကြတာ များပါတယ်။ လက်ရှိမှာ
ဖိုင်ဘာလိုင်းက ရန်ကုန်တစ်မြို့လုံး မရသေးဘဲ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊
မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းဘက်တွေမှာ ကျန်နေသေးတယ်။
အင်တာနက်လိုင်း ပျက်တဲ့အခါ ရတနာပုံတယ်လီပို့နဲ့ ဆိုင်တာရှိသလို Network
Provider နဲ့ ဆိုင်တဲ့အပိုင်းလည်း ရှိပါတယ်” ဟု Fortune ကုမ္ပဏီမှ
မလဲ့လဲ့မိုးက ပြောကြားသည်။
ပြည်တွင်းအင်တာနက်လိုင်း
အားလုံးအတွက် ရယူထားသော စုစုပေါင်း Backbone Bandwidth ပမာဏမှာ 27 Gb
ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ သို့သော်
ဖြန့်ဝေချိတ်ဆက်နိုင်မှု အပိုင်းတွင် အားနည်းမှုများ ရှိနေသေးပြီး
မချိတ်ဆက်နိုင်သေးသော နေရာဒေသ အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။
“အခုလက်ရှိမှာ အင်တာနက် ပမာဏက 27 Gb ရထားတယ်။ နောက်ထပ်တိုးချဲ့မှုတွေလည်း
လုပ်နေတယ်။ ထပ်ပြီးတော့ 20 Gb တိုးချဲ့ဖို့အတွက် ပြည်ပကုမ္ပဏီတွေကို
တင်ဒါခေါ်ထားတယ်။ လာလျှောက်တဲ့ ကုမ္ပဏီတွေကတော့ များပါတယ်။ အဲဒီမှာ China
Telecom လည်း ပါတယ်။ အင်တာနက် မြန်နှုန်းတွေကို တိုးချဲ့နေပေမယ့်
ဖုန်းနဲ့သုံးနေတာတွေ၊ အွန်လိုင်းဂိမ်းတွေကြောင့် လိုင်းတွေနှေးကွေးနေတာ
ရှိတယ်။ နောက်ထပ် 20 Gb ကို တင်ဒါခေါ်ပြီးရင်တော့ စုစုပေါင်း 47 Gb လောက်
ဖြစ်သွားမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Oversea Department မှ
ဦးဝင်းအောင်က ပြောကြားသည်။
လက်ရှိတွင် အင်တာနက်ဆက်ကြောင်း
သုံးခုရှိကာ အဓိကအသုံးပြုသော ဆက်ကြောင်းမှာ နှစ်ခုဖြစ်သည်။
ထိုင်းဆက်ကြောင်းမှာ အဓိကဖြစ်ပြီး 18 Gbps ခန့်ရှိကာ ပင်လယ်ရေအောက်
ဆက်ကြောင်းမှာ 6 Gbps ကျော်ရှိကြောင်း သိရသည်။ တရုတ်ဆက်ကြောင်းမှာမူ 2 Gbps
ခန့်သာရှိသည်။ နောက်ထပ် ဆက်ကြောင်းအသစ်များကိုလည်း တိုးချဲ့နေပြီး
မန္တလေး-လားရှိုး-မူဆယ်ဘက်တွင် ဖိုင်ဘာဆက်ကြောင်းဆွဲနေကြောင်း သိရသည်။
တယ်လီနော၏ မိုဘိုင်းဖုန်းအင်တာနက်မှာ 3G ကွန်ရက်တွင် အင်တာနက်မြန်နှုန်းသည်
အသုံးပြုသူများသောအချိန်၌ 700 Kbps မှ 1 Mbps အထိ ရရှိနိုင်ပြီး
အသုံးပြုသူ နည်းပါးသောအချိန်တွင် 4 Mbps မှ 6 Mbps အထိ ရရှိနိုင်ကြောင်း
သိရသည်။ 2G ကွန်ရက်တွင်မူ အသုံးပြုသူများသော အချိန်တွင် 100 Kbps မှ ၁၅ဝ
Kbps အထိ ရရှိနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
FTTH ဟူသော
ဖိုင်ဘာအင်တာနက် ပေါ်ပေါက်လာချိန်တွင် ဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီ
အများအပြား ထပ်မံပေါ်ထွက်လာခဲ့ပြီး ISP လိုင်စင်ကို စောင့်မျှော်နေသော
ကုမ္ပဏီအများအပြား ရှိနေသည်။ ၎င်းတို့မှာ သီးခြား Gateway များ ထူထောင်ကာ
လိုအပ်သော Bandwidth ချဲ့ထွင်ခြင်းများကိုလည်း စိတ်တိုင်းကျ
လုပ်ဆောင်နိုင်ရန် စိတ်အားထက်သန်နေကြသည်။
နည်းဥပဒေများကို မကြာမီ
အတည်ပြုထုတ်ပြန်ရန် စီစဉ်နေပြီး သီးခြားဥပဒေများ ထွက်ပေါ်လာပါက ပြည်တွင်း၌
အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအတွက် ISP (Internet Service Provider)
လိုင်စင်များကို ထုတ်ပေးကာ ကုမ္ပဏီများမှ အပြိုင်အဆိုင်လုပ်ကိုင်၍
ဝန်ဆောင်မှုပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ သို့သော် မည်သည့်အတိုင်းအတာအထိ
ခွင့်ပြုမည်၊ မည်သို့ထိန်းချုပ်မှုများ ရှိဦးမည်ဆိုခြင်းမှာ မသိရသေးပေ။
“MICT Park စတည်ထောင်ကတည်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ဖိုင်ဘာလိုင်းတစ်လိုင်း ပေးထားပါတယ်။ လစဉ်ကြေးပေးရပါတယ်။ နောက်ပိုင်းမှာ
ISP (Internet Service Provider) လိုင်စင်ကို ကုမ္ပဏီတွေကို ပေးမှာပါ။
ဒီအပေါ်မှာ ကျွန်တော့်အမြင်ကတော့ ကောင်းတယ်လို့ ပြောချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အင်တာနက် Gateway ကို လျှောက်ထားလာနိုင်မယ်။ ပြီးတော့
လုပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်တဲ့အတွက်
အကောင်းဆုံးလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု မြန်မာနိုင်ငံ
ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက သုံးသပ်ပြောကြားသည်။
ယှဉ်ပြိုင်မှုမရှိခဲ့သော ပြည်တွင်းအင်တာနက် ဝန်ဆောင်မှုများမှာ
ဈေးနှုန်းကြီးမြင့်ပြီး အရည်အသွေးမှာလည်း ကောင်းမွန်မှုမရှိသောကြောင့်
အသုံးပြုသူများအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။ ISP လိုင်စင်များ
ပေါ်ပေါက်လာချိန်တွင် မိုဘိုင်းဖုန်း အော်ပရေတာများကဲ့သို့
ယှဉ်ပြိုင်မှုရှိသောဈေးကွက်၊ အရည်အသွေးမြင့် ဝန်ဆောင်မှုများကို ရရှိလာရန်
သုံးစွဲသူများက မျှောင်လင့်နေကြကြောင်း သိရသည်။
Written by: နေမျိုးထွန်း၊ စောရည်နန္ဒာ
Monday, August 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment