Monday, August 11, 2014

တည်ငြိမ်အေးချမ်းသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မန္တလေးခရိုင်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးခြင်း မရှိသေးသည့်အပေါ် မြို့ခံများဝေဖန်

မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်ပြန်ထားခဲ့သည့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးသည့်အပေါ် မြို့ခံများက ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မန္တလေးခရိုင်အတွင်း၌ ဇူလိုင် ၃ ရက်နှင့် ဇူလိုင် ၄ ရက်တို့မှ စတင်ကာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်အမိန့် တစ်ခုဖြစ်သည့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေညာထားခဲ့ရသည်။ ယင်းကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်တွင် ညမထွက်ရအမိန့်အား ည ၉ နာရီမှ နံနက် ၅ နာရီ ထုတ်ပြန်ထားမှုကို ည ၉ နာရီမှ နံနက် ၃ နာရီသို့ လျှော့ချပေးခဲ့ပြီး ဇူလိုင် ၂၈ ရက်တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သည်။

လက်ရှိ မန္တလေးမြို့၏ အခြေအနေများမှာ ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်ခြင်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို မြို့ခံများမှ ရုပ်သိမ်းပေးရန် မျှော်လင့်နေကြကာ စီးပွားရေး အကျပ်အတည်းများနှင့် အခြားအခက်အခဲများ ပိုမိုကြုံတွေ့လာရခြင်းကြောင့် ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အချိန်ထပ်မံ လျှော့ချပေးဖို့နဲ့ လျှော့ချပြီးတဲ့အချိန်မှာ အခြေအနေတွေကို စောင့်ကြည့်လေ့လာ သုံးသပ်ပြီးတော့ ရုပ်သိမ်းသင့်တဲ့အချိန်မှာ ရုပ်သိမ်းပေးသွားဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မေတ္တာရပ်ခံစာ ပေးပို့သွားဖို့ စီစဉ်နေပါတယ်” ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ညမထွက်ရ အမိန့်အချိန်ကို လျှော့ချပေးတာမျိုး မဟုတ်ဘဲ လုံးဝကို ရုပ်သိမ်းပေးသင့်နေပါပြီ။ ခရီးသွား လုပ်ငန်းတွေအတွက် ထိခိုက်မှုက တော်တော်ကိုဆိုးပါတယ်။ Tourism police က ကူညီပေးတယ်ဆိုပေမယ့် ရထားချိန်နောက်ကျပြီးမှ ၀င်လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ရဲကကြိုပြီးတော့ ဟိုတယ်လိုက်ပို့ရတယ် ဆိုကတည်းက မကောင်းတော့ဘူး။ အဲဒါမျိုးကလည်း လုံးဝမဖြစ်သင့်ဘူး။ မီးရထားချိန်တွေ ဆိုတာကလည်း သိတဲ့အတိုင်းပဲ အချိန်လည်း မမှန်ဘူး။ ရထားဝင်ချိန် ဆိုတာကလည်း နောက်ကျတတ်ပါတယ်” ဟု ခရီးသွားဧည့်လမ်းညွှန် ကိုစိုးမိုးက ပြောကြားသည်။

“မန္တလေးမှာ ညမထွက်ရအမိန့် ထုတ်ထားရတဲ့အချိန်မှာ အရေးပေါ် နေ့ချင်းပြန်ခရီးသွားဖို့ ဖြစ်လာတာကြောင့် ခရီးထွက်ခဲ့ပါတယ်။ ပြန်လာတဲ့အခါမှာ ည ၁၀ နာရီ ကျော်သွားတာကြောင့် မြို့ထဲကို ၀င်လို့မရတော့ဘူး။ လမ်းမှာပဲ တစ်ညအိပ်လိုက်ရတယ်။ အဲဒီလို အရေးပေါ်ခရီးထွက်ဖို့ ပေါ်လာတဲ့အခါတွေမှာ သွားရလာရတာက အရင်လိုမဟုတ်တော့ စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်လို့ မရတော့ဘူး။ အားလုံး အဆင်ပြေသွားဖို့အတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အချိန်ထပ်လျှော့ပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် မန္တလေးမြို့ အခြေအနေတွေက တည်ငြိမ်သွားပြီဆိုတော့ ပုဒ်မ ၁၄၄ ကို ပြန်လည်ရုပ်သိမ်းပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်အတွင်း အရေးပေါ်ခရီး ထွက်ခဲ့ရသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း၌ နေထိုင်သူတစ်ဦးက ဆိုသည်။

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် ညမထွက်ရ အမိန့်တစ်ခုဖြစ်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲကြောင့် မြို့ခံလူထုအပေါ်တွင် အခက်အခဲများ ဖြစ်ပေါ်နေရဆဲဖြစ်ကာ ကုန်တင်ကားဂိတ်များ၊ ခရီးသွားကားဂိတ်များ၊ ညပိုင်းဈေးရောင်းချနေသူများ၊ လူမှုရေးကိစ္စရပ်များနှင့် အခြားသော အခက်အခဲများလည်း ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ညမထွက်ရအမိန့် ဖောက်ဖျက်သူကျူးလွန်သူများအား ဥပဒေအရ ဖမ်းဆီးနေခြင်းကြောင့် ဖမ်းဆီးအရေးယူထားခံရသူများ၊ ထောင်ဒဏ်ကျခံနေရသူများနှင့် ယင်းတို့၏ မိသားစုဝင်များပါ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရဆဲ ဖြစ်သည်။

“နယ်တွေကနေ ကုန်တင်လာခဲ့တဲ့ ကုန်ကားတွေက ညပိုင်းတွေမှာ ၀င်တာအများဆုံးပါ။ မြို့ထဲကို အခုချိန်မှာက ည ၁၀ နာရီမထိုးခင် ရောက်ဖို့လိုတာပေါ့။ မရောက်လာဘူးဆိုရင် မန္တလေးမ၀င်ခင် လမ်းမှာပဲနားနေရတယ်။ အဲဒါကိုမသိဘဲ ၀င်သွားမယ်ဆိုရင် အဖမ်းခံရမယ်။ အခု မန္တလေးမှာ ညမထွက်ရအမိန့်က ရှိနေသေးတယ်ဆိုတော့ ကုန်တင်ကားတွေအတွက် အခက်အခဲတွေ ရှိနေတယ်” ဟု ကုန်ကားမောင်းသည့် ကိုစိုးသူက ပြောကြားသည်။

မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် အခြေအနေအတွင်း ယင်းညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ ၁၄၀၀ ခန့်ကို အရေးယူထားခဲ့ပြီး ထောင်ဒဏ် ၇ ရက်သာ ချမှတ်လေ့ရှိသော်လည်း ထောင်ဒဏ်သုံးလအထိ ချမှတ်ခံရသူများ ရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။

ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ခဲ့စဉ်ကာလကပင် ဟိုတယ်၊ ကုမ္ပဏီ၊ ဘဏ်စသည့် ညစောင့်ဝန်ထမ်းများ ညအချိန်လုံခြုံရေး တာဝန်ယူနေစဉ် အဖမ်းခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ရာ ယင်းဖြစ်စဉ်များအပေါ် ဟိုတယ်အထွေထွေ မန်နေဂျာတစ်ဦးကလည်း “သက်ဆိုင်ရာက တာဝန်ရှိသူတွေ ညွှန်ကြားချက်တွေကို ဆောင်ရွက်ရမယ့်သူတွေအနေနဲ့ အချိန်မီ အကြောင်းကြား ဆောင်ရွက်မှုတွေ အားနည်းပါတယ်” ဟု ဝေဖန်ပြောဆိုသည်။

“ညမထွက်ရအမိန့် ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူတဲ့နေရာမှာ သတ်မှတ်ထားတဲ့အချိန်ထက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နောက်ကျတဲ့သူတွေကို တရားစွဲတင်ခဲ့တဲ့နေရာမှာ တရားရုံးက သွားလာနေရင်းနဲ့ အမှန်တကယ် နောက်ကျခဲ့တဲ့ အကြောင်းရင်း ခိုင်လုံတယ်လို့ ယူဆရတဲ့အတွက် ငွေဒဏ်ပဲ ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တဲ့အပြင် တုတ်၊ ဓား လက်နက်တွေ တွေ့ရှိခဲ့တဲ့သူတွေကိုတော့ ထောင်ဒဏ်သုံးလအထိ ချမှတ်ခဲ့တာကို သိရတယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရှင်းပြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...