Tuesday, August 26, 2014

ကိုယ့်ကိုယ်ကို သတ်သေ ချင်လောက်အောင် စိတ်ဓာတ်ကျနေတဲ့ သူတွေကို ဘယ်လိုအားပေးနှစ် သိမ့်ပေးသင့်သလဲ

လောကကြီးကို စိတ်ကုန်၊ သေချင်လောက်အောင် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းမျိုး သင့်မှာရှိနေပါသလား။ ဒါမှမဟုတ် သူဟာ တစ်ခါလောက်တောင် သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားခဲ့ဖူးပါသလား။ ဒီလိုသူငယ်ချင်းမျိုး သင့်မှာရှိနေတယ် ဆိုရင် သူ့ကိုဒီလိုအဖြစ်မျိုးတွေ မခံစားရတော့အောင်၊ ခံစားနေရတာတွေ သက်သာသွားအောင် သင့်ဘက်က ကူညီနှစ်သိမ့်ပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက သူ့ကိုနှစ်သိမ့်ရာကနေ သင့်အမူအရာနဲ့ အပြောအဆိုကြောင့် သူ့အခြေအနေပိုဆိုးသွားတာမျိုး မဖြစ်ပါစေနဲ့။

ပထမဆုံးအနေနဲ့ သူနဲ့တွေ့တဲ့အခါ မလုပ်သင့်တဲ့အရာတွေကို ကြိုပြောပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့

    ဘာမှမပြောပဲနေခြင်း
    ဘာလို့ဒီလိုပေါက်ကရတွေ လျှောက်လုပ်နေတာလဲလို့ မေးခြင်း
    တစ်ခြားအကြောင်းအရာတွေ ချက်ချင်းပြောင်းပြောလိုက်ခြင်း
    သူ့လုပ်ရပ်ကို ဟာသသဖွယ်ပြောဆိုခြင်း

စတာတွေကို ရှောင်ရှားဖို့ သတိပေးပါရစေ။

ဒီတော့ သူနဲ့တွေ့တဲ့အခါ ဘာတွေဘယ်လိုပြောဆိုနှစ်သိမ့်သင့်သလဲဆိုတာ ဆက်လက်ပြောပြပေးပါမယ်။

၁။သူ့ကို အားလုံးက စိတ်ပူတဲ့အကြောင်းပြောပြပေးပါ။

သေချင်လောက်အောင် စိတ်ဓာတ်ကျနေသူတွေ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားသူတွေရဲ့ အတွေးဟာ များသောအားဖြင့် သူတို့ကို ဘယ်သူကမှ ဂရုမစိုက်ဘူး။ မချစ်ကြဘူး။ ပစ်ထားကြတယ်။ သူတို့ပေးသလောက် ပြန်မရဘူးဆိုတဲ့ အစွဲတွေရှိနေတတ်တာကြောင့် သူ့ကို သင်ဘယ်လောက်ခင်ကြောင်း၊ ချစ်ကြောင်း၊ စိတ်ပူကြောင်း ပြောပြပေးဖို့ လိုပါတယ်။

၂။သူနဲ့အတူ ရှိနေပေးလိုက်ပါ။

စိတ်အားငယ်နေတဲ့ သူ့ဘေးမှာ အတူရှိနေပေးခြင်းဟာ သူ့အတွက် အားတစ်ခုပါပဲ။ ဘာမှလုပ်ပဲ သူ့ဘေးနားထိုင်ပြီး သူ့ကိုဖက်ထားလိုက်ရင်တောင် သူ့စိတ်ထဲ လုံခြုံသလို ခံစားသွားရပါလိမ့်မယ်။

၃။သူ့အတွက် သူကြိုက်တဲ့ အရာတစ်ခုခု ယူလာပြီး ပေးလိုက်ပါ။

ဘာမှမဟုတ်ဘူးလို့ ထင်တဲ့ အရာသေးသေးလေးတွေက အပြောင်းအလဲတစ်ခု ဖြစ်သွားစေတတ်ပါတယ်။ သူ့ကို ကိုယ့်ဘက်က ဂရုစိုက်တယ်ဆိုတာ သိသာစေမယ့်အရာ၊ သူလည်းကြိုက်မယ်၊ ကိုယ်နဲ့သူကြားမှာလည်း အမှတ်တရရှိစေမယ့် လက်ဆောင်ပစ္စည်းသေးသေးလေးတစ်ခု ယူလာပေးလိုက်ပါ။ လက်စွပ်သေးသေးလေး ဖြစ်ဖြစ်၊ ကီးချိန်းလေးဖြစ်ဖြစ်၊ နောက်ဆုံး စဉ်းစားလို့မရရင်တောင် သူသောက်နေကျ အအေးဗူးလေး ဖြစ်ဖြစ်ပေါ့။

၎။သူကိုယ့်ကို မပြောပဲနေလို့ ကိုယ်မသိလိုက်ရင်တောင် သိသိချင်း သူ့ဆီအဆက်အသွယ်လုပ်ပါ။

စိတ်ဓာတ်ကျလွန်းလို့ဖြစ်ဖြစ်၊ သေချင်နေလို့ပဲဖြစ်ဖြစ် သူ့ဖေ့စ်ဘွတ်ခ် ဒါမှမဟုတ် တွစ်တာတွေမှာ ဘ၀ကြီးကို စိတ်ကုန်နေပြီဆိုတဲ့ စတေးတပ်စ်မျိုးတွေ တွေ့လိုက်တာနဲ့ သူ့ကို အီးမေးလ်ကနေ ဆက်သွယ်ပါ။ ဖုန်းကနေ sms ပို့ပါ။ အဲ့ဒီအချိန်တွေကလည်း အရေးကြီးတဲ့ အချိန်တွေပါပဲ။

၅။သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ နားလည်ကြောင်းပြောပါ။

သူ့ကိုအပြစ်တင်တာထက်စာရင် သူဘာကြောင့်ဒီလိုဆုံးဖြတ်ခဲ့တယ်၊ ဘယ်လောက်နာကျင်ခဲ့ရတယ် ဆိုတာတွေကို သင်နားလည်ကြောင်း၊ ခံစားရကြောင်း၊ သူနာကျင်သလို သင်လည်းနာကျင်ရကြောင်း ပြောပါ။

၆။ဘာပြောရမှန်းတောင် မသိတော့တဲ့အကြောင်း ပြောပါ။

သင့်စိတ်ထဲ ဘာပြောရမှန်းမသိတော့ဘူးဟုတ်၊ အိုခေ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ခံစားနေရသူကိုလည်း ဟာသလုပ်မယ့်အစား၊ ဘာမှမပြောပဲနေမယ့်အစား၊ စကားလမ်းကြောင်း ကောက်ပြောင်းလိုက်မယ့်အစား ငါဘာပြောရမှန်းတောင် မသိတော့ဘူး ဆိုတဲ့စကားလေးနဲ့ နှစ်သိမ့်ပေးခြင်းဟာ ထိရောက်ပါတယ်။ ပြီးတော့ သူပြောတာ နားထောင်ပေးပြီး သူ့ကိုသောက်စရာတစ်ခုခု၊ စားစရာတစ်ခုခု ယူလာပေးလိုက်ပါ။

Ref:cosmopolitan.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...