Friday, August 8, 2014

(၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အမေရိကန်၊ ရုရှား၊ တရုတ် အပါအ၀င် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်မည့် အာဆီယံဒေသတွင်းဖိုရမ် နေပြည်တော်၌ ယနေ့ စတင်မည်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာရှ၏ အကြီးဆုံးလုံခြုံရေးဆွေးနွေးပွဲအဖြစ် လူသိများသော အာဆီယံဒေသတွင်းဖိုရမ် (Asean Regional Forum) ကို နေပြည်တော်၌ ယနေ့(ဩဂုတ် ၈ ရက်)တွင် စတင်ကျင်းပမည် ဖြစ်သည်။
ဩဂုတ် ၈ ရက်မှ ၁ဝရက်အထိ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဒေသတွင်းဖိုရမ်အစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၊ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်တို့အပြင် ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ရုရှားနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

အစည်းအဝေးအစီအစဉ်များအရ ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် ၂ဝ၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ သမ္မတဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ ထို့နောက် အရှေ့တောင်အာရှဒေသတွင်း နျူကလီးယားကင်းစင်ရေးဇုန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဆိုင်ရာ ကော်မရှင်အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများကို ပြုလုပ်မည်ဖြစ်သည်။ ဩဂုတ် ၉ ရက်နှင့် ၁ဝ ရက်များတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား အစည်းအဝေးများကို ပြုလုပ်ရန်ရှိသည်။

ဩဂုတ် ၁ဝ ရက်တွင် ပြုလုပ်ရန်လျာထားပြီး အာရှ၏ အကြီးဆုံးလုံခြုံရေးဆွေးနွေးပွဲအဖြစ် လူသိများသည့် အာဆီယံဒေသတွင်းဖိုရမ်၌ မြောက်ကိုရီးယားကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ထိုသို့တက်ရောက်ခြင်းသည် အလွန်ရှားပါးသည့် နိုင်ငံတကာဆွေးနွေးပွဲများထဲမှ တစ်ခုဖြစ်သည်။

ထို့ပြင် အဆိုပါဒေသတွင်း ဖိုရမ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးလုံး တက်ရောက်မည်ဖြစ်ရာ ၎င်းတို့နှစ်ဦးကြား သီးခြားဆွေးနွေးပွဲများပြုလုပ်မည်၊ မလုပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသော်လည်း သီးခြားဆွေးနွေးပွဲ လုံးဝပြုလုပ်မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားခဲ့သည်။

သုံးရက်ကြာကျင်းပမည့် အစည်းအဝေးများတွင် အရှေ့တောင်အာရှနျူကလီးယားလက်နက် ကင်းစင်ရေးဇုန် သဘောတူစာချုပ်လက်မှတ်ရေးထိုးရေးဆိုင်ရာ အစည်းအဝေး၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ (၄၇)ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့်သုံးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂအစည်းအဝေး၊ အာဆီယံဒေသတွင်း ဖိုရမ်အစရှိသည့် အစည်းအဝေးများကို ကျင်းပမည်ဖြစ်သည်။

အာဆီယံဒေသတွင်းဖိုရမ်သည် အာရှ- ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို မြှင့်တင်ရေးအတွက် ဆွေးနွေးကြသည့် အစည်းအဝေးတစ်ခု ဖြစ်သည်။ အာဆီယံဒေသတွင်းဖိုရမ်ကို အာရှ-ပစိဖိတ်ဒေသအတွင်း အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေးတို့ကို တွန်းအားပေးနိုင်ရေးအတွက် ရည်ရွယ်၍ ၁၉၉၃ ခုနှစ်တွင် အာဆီယံအဖွဲ့က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အာဆီယံဒေသတွင်းဖိုရမ်အတွင်း နိုင်ငံပေါင်း ၂၆နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ယခုနှစ် အစည်းအဝေးများတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အခြားအာဆီယံပြင်ပနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ဒေသတွင်းသက်ရောက်မှုများရှိနေသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ၂ဝ၁၄ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးပွဲများတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

“ဒီအာဆီယံဝန်ကြီးများအစည်းအဝေးဟာ ၂ဝ၁၅ ခုနှစ်မှာ အာဆီယံအသိုက်အမြုံ ပေါ်ပေါက်ရေးနဲ့ ၂ဝ၁၅ အလွန် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အတွက် တွန်းအားပေးဖို့ ဆောင်ရွက်ရာမှာအရေးပါတဲ့ တွေ့ဆုံပွဲတစ်ခုပါ”ဟု အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူး လီလောင်မင်းက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...