Thursday, August 14, 2014

KNU ခေါင်းဆောင်များနှင့် လူငယ်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ ပထမဆုံး ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၃
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်များနှင့် လူငယ် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၅၄ ဖွဲ့တို့သည် မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနှီးနှော ဖလှယ်ပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်၊ ယုဒသန်ခန်းမတွင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း Public Welfare Network အဖွဲ့က ကိုသီဟမောင်မောင်က ပြောကြားသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များ၏ ပြောကြားချက်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် လူငယ်များ ပါဝင်နိုင်မှု အခန်းကဏ္ဍကို သိရှိစေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်က တောထဲမှာ နေလာရတာဆိုတော့ ဒါပထမဆုံးအကြိမ်လို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့လည်း လူငယ်က ဖြစ်လာတာပဲ။ ကျွန်တော်တို့လည်း ဒါကို ဖြတ်သန်းရတာပဲ။ အရင်က လူငယ်တွေ လုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူရမယ်” ဟု KNU ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ပြောကြားသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး အခြေအနေများ၊ တပ်မတော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ သဘောထားများ၊ အငြင်းပွားမှုများကို ပြောကြားခဲ့ပြီး လူငယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး တောင်းဆိုမှုသည်လည်း မျှတရန် လိုအပ်ကြောင်း ဖဒိုစောသမိန်ထွန်းက ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲကို Public Welfare Network၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့၊ အဖြူရောင် တွဲလက်များအဖွဲ့၊ Myself အဖွဲ့နှင့် Youth Circle အဖွဲ့တို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...