ညီမ ဒီMiss Myanmar World ပြိုင်ပွဲဝင်ပြိုင်ဖြစ်ခဲ့တာက ညီမရဲ့ပရိသတ်တွေရဲ့အားပေးမှုကြောင့်၊ တိုက်တွန်းမှုတွေကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်တယ်။ ပြီးတော့ ညီမအတွက် ဒီပွဲဟာ ပထမဆုံးပြိုင်ဖူးတာဖြစ်တဲ့အတွက် အတွေ့အကြုံရအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပြိုင်ဖြစ်ခဲ့တာပါ။
Miss Universe Myanmar မှာကတည်းက ပက်ထရီရှာကို ဝင်ပြိုင်စေချင်တဲ့ ပရိသတ်တွေ အများကြီးရှိတယ်လို့ သိရတယ်။ အဲဒီ့ပွဲကို ဝင်မပြိုင်ဖြစ်ခဲ့တာရော ဘာကြောင့်လဲ။
Miss Universe တုန်းက ညီမပြိုင်ချင်တယ်လို့ စိတ်ကူးပေမယ့် ညီမဘက်က ဘာမှအဆင်သင့် မဖြစ်သေးလို့ပါ။
ပက်ထရီရှာရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ စတေးတပ်စ်နဲ့ ပတ်သက်ပြီး Miss Myanmar World ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းတဲ့အခါ ဘယ်သူတွေရဲ့တိုက်ခိုက်မှုတွေကြုံခဲ့ရတယ်ဆိုတာလေး ပြောပြပေးပါဦး။
ညီမလုပ်ခဲ့တဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာတော့ အတိုက်အခိုက်တွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်။ အခု ဒီပြိုင်ပွဲ ဝင်ပြိုင်မယ်ဆိုတော့လည်း အတိုက်အခိုက်က ရှိတာပါပဲ။ သတင်းတွေ ကြားရပါတယ်။ ကြားရတဲ့အခါ ညီမ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲက နီးနေပြီဆိုတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ညီမ လုံးဝဥပေက္ခာ ပြုထားလိုက်တယ်။ အတတ်နိုင်ဆုံး ကိုယ့်ပြိုင်ပွဲအတွက် ကိုယ့်ဘာသာကိုယ် အောင်မြင်အောင် အကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားနေပါတယ်။
အယောက်နှစ်ဆယ်မှာ ပါဝင်သွားပြီဆိုတော့ ပက်ထရီရှာရဲ့ စိတ်ခံစားချက်လေးကဘယ်လို ဖြစ်နေမလဲ။
ညီမရဲ့ခံစားမှုက အယောက်နှစ်ဆယ်ထဲမှာ ပါတယ်ဆိုတော့ အရမ်းပျော်တာပေါ့။ ပထမတော့ မေးခွန်းတွေ ဖြေတယ်ဆိုတာ ရုတ်တရက်ကြီး ကိုယ်မသိရသေးတဲ့ မေးခွန်းတွေကို ဒီပွဲမှာတန်း ဖြေရတယ်ဆိုတော့ ကိုယ်ကလည်း အရမ်းစိတ်လှုပ်ရှားနေတာလေ။ ကိုယ်ဖြေလိုက်တဲ့ အဖြေက အဆင်ပြေပါ့မလား။ ငါဘာတွေများ ဖြေလိုက်မိတာလဲ ကောင်းပါ့မလားဆိုပြီး အယောက်နှစ်ဆယ်မှာ တောင် မပါပဲ ပြုတ်ကျန်ခဲ့ပြီလားဆိုပြီး တွေးမိတာပေါ့နော်။ အခုလိုမျိုး အယောက်နှစ်ဆယ်မှာ ပါဝင်သွားတယ်ဆိုတော့ အတိုင်းမသိ အရမ်းဝမ်းသာပါတယ်။ ပြီးတော့ ပြိုင်ပွဲဝင်ညီမတွေ၊ အစ်မတွေနဲ့လည်း အတူတူခရီးထွက်ရမယ်ဆိုတော့ ကြိုပြီးတော့ စိတ်လှုပ်ရှားနေမိပါတယ်။
ပက်ထရီရှာအနေနဲ့ လေ့ကျင့်မှုအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လုပ်သွားမယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။
ညီမဘက်က မေးနိုင်တဲ့မေးခွန်းမျိုးတွေလေ့လာသွားပါမယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း အများကြီး လိုပါသေးတယ်။ ကိုယ့်ကိုကိုယ် အရင်ဆုံး ယုံကြည်မှုအပြည့် ရှိအောင်လို့ လေ့ကျင့်မယ်။ မစ္စတာဘရိုင်ယန်ကလည်း ဒီကြားထဲမှာ ထရိန်နင် လုပ်သွားမှာဆိုတော့ ညီမအတွက် ထရိန်နင် လုပ်ဖို့ အချိန်ရတာပေါ့။
ကိုယ်တိုင်က ပရိသတ် လက်ခံပြီးသား မော်ဒယ်လ်တစ်ယောက်ဖြစ်နေတော့ ဒီ ပြိုင်ပွဲကိုငါပြိုင်ခဲ့ရင် ဆုရမယ်ဆိုတဲ့ စိတ်မျိုးထားပြီးဝင်ပြိုင်ခဲ့တဲ့ စိတ်မျိုးရှိခဲ့ပါသလား။
အဲဒီလိုတော့လည်းမဟုတ်ပါဘူး။ ဆုရမယ်လို့လည်း တွေးထားတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြိုင်ပွဲဝင် ပြိုင်လိုက်တဲ့ အခါမှာလည်း ကိုယ့်ထက်လှတဲ့သူတွေ အများကြီးပါပါတယ်။ ပြီးတော့ ကိုယ့်ထက် အများကြီး Talent ရှိတဲ့သူတွေ၊ ယုံကြည်မှုရှိတဲ့သူတွေ အများကြီးပါပဲ။ ကိုယ်ကသရဖူ ရရမယ်ဆိုတဲ့ စိတ်တကယ်ကို မမှန်းခဲ့ပါဘူး။ Miss ဖြစ်ခဲ့မယ်ဆိုရင်တော့ ညီမ အတိုင်းမသိဝမ်းသာမိမှာပေါ့နော်။ တကယ်လို့ Miss မဖြစ်ခဲ့ဘူးဆိုရင်လည်း ညီမဘက်ကMiss ရတဲ့အစ်မတွေကိုဝမ်းသာစွာနဲ့ လက်ခုပ်တီးပြီးအားပေးမှာပါ။
Miss ရခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးပြုမယ့် ဘယ်လိုအရာတွေပြုလုပ်သွားဖို့ရှိမလဲ။
Miss ဖြစ်ခဲ့မယ်ဆိုရင်တော့ ညီမ ပရဟိတအလုပ်လေးတွေ လုပ်သွားမယ်။ ပြီးတော့အများရဲ့ အကျိုးကို ဆောင်နိုင်တဲ့ ၊ နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အလုပ်မျိုးလေးတွေ ကူညီဆောင်ရွက် လုပ်ကိုင်ပေးသွားပါ့မယ်။
ပရိသတ်ကိုလည်း စကား လက်ဆောင်ပြောပေးပါဦး။
ညီမ အခုအယောက်နှစ်ဆယ်ထဲမှာ ပါဝင်ခဲ့ပြီပေါ့နော်။ သရဖူဆောင်းဖို့ဆိုတာကလည်း ညီမ အရမ်းကြီး မမျှော်လင့်ထားပါဘူး။ ပရိသတ်တွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့ သဘောနဲ့ပဲ ဝင်ပြိုင်တာပါ။ ပရိသတ်တွေက ကိုယ့်ဘက်မှာ အမာခံရှိနေပါတယ်။ ဒီCrown ကို ရဖို့ဆိုတာပရိသတ် တွေရဲ့အားပေးမှုနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် ညီမနဲ့ ရဖို့ထိုက်တန်တယ်ဆိုရင်တော့ ရမှာပေါ့နော်။ ပရိသတ်ကြီးက ညီမကိုအားပေးကြပါလို့ ပြောပါရစေ။
0 comments:
Post a Comment